ခြိမ်းခြောက်နေသူတွေကို အရေးယူနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြား
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့က ဒေသခံတွေအပေါ် ခြိမ်းခြောက်မှုတွေရှိနေတယ်လို့ တင်ပြလာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်နိုင်အောင် ပူးပေါင်းဆောင်ရွက်ကြဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားတယ်လို့ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးက ဒီနေ့ ပြောပါတယ်။
-
2018-04-21 -
-
-
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့က ဒေသခံတွေအပေါ် ခြိမ်းခြောက် မှုတွေရှိနေတယ်လို့ တင်ပြလာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်နိုင်အောင် ပူးပေါင်းဆောင်ရွက်ကြဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားတယ်လို့ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးက ဒီနေ့ ပြောပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေကိုလည်း အကြောင်းကြားတယ်လို့ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက ပြောပါတယ်။
"ခြိမ်းခြောက်မှုတော့ မဟုတ်ဘူးပေါ့ဗျာ။ စာကပ်တာကို ကျနော်တို့က သွားကြည့်တဲ့အချိန်မှာ ခြိမ်းခြောက်တယ်လို့ ယူဆလို့ မရဘူးလေ။ ဘာမှမှ မရေးထားတာ၊ မြေပုံကြီးပဲ ရှိတာကို။ ကျနော့်အနေနဲ့တော့ လုပ်သင့် လုပ်ထိုက် တာတွေ အကုန်လုံး လုပ်ထားပြီးသွားပြီ။ သက်ဆိုင်ရာ လက်နက်ကိုင် တပ်ဖွဲ့တွေရော၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့တွေရော ချိတ်ဆက်ပြီးသွားပြီ။ မသင်္ကာတဲ့သူတွေကို သတင်းပေးဖို့၊ ပြီးလို့ရှိရင်လည်း သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ပါ ချိတ်ဆက်ဖို့ အကုန်လုံး ညွှန်ကြားပြီးသွားပါပြီ"
ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့က သပြေတော၊ အင်းဖောက်၊ ထင်ရှားပြင် စတဲ့ကျေးရွာတွေမှာနေထိုင်တဲ့ ရွာခံ ၇ ဦးကို ARSA အဖွဲ့ကလို့ မိတ်ဆက်ပြီး တယ်လီဖုန်းကနေတဆင့် သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် သပြေတောနဲ့ အင်းဖောက်ကျေးရွာကြားမှာရှိတဲ့ တံတားအနီးမှာ ARSA စာလုံးတွေနဲ့ မြေပုံသဏ္ဍာန် ရေးထားတဲ့စာရွက်တစ်ရွက်ကိုပါ ရွာခံတွေက သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒီကိစ္စအပေါ် ဘူးသီးတောင်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေနဲ့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတွေ ကွင်းဆင်းမေးမြန်းခဲ့ရာမှာ လူနည်းစုတိုင်းရင်းသားတွေကို အဲဒီဒေသမှာ မနေထိုင်နိုင်အောင် ခြိမ်းခြောက်တာမျိုးဖြစ်နေတာကို တွေ့ရတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောပါတယ်။
မနေ့ကတော့ အဲဒီလိုခြိမ်းခြောက်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မသင်္ကာဖွယ်ရာ လူတစ်ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့လည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောပါတယ်။
မသင်္ကာသူတစ်ဦးကို ဖမ်းဆီးလိုက်တာနဲ့ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းကို မေးမြန်းရာမှာတော့ ဒါဟာ လုပ်ထုံးလုပ်နည်းတွေအရ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။