လက်နက်ကြီးထိမှန်ပြီး မြင်းမူမြို့နယ်က အရပ်သားနှစ်ဦး ဒဏ်ရာရ

မြင်းမူမြို့နယ်၊ ဂုံညင်းဆိပ်ရွာမှာ ဖေဖော်ဝါရီ ၁၂ ရက်က အရပ်သားနှစ်ဦး လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မြင်းမူဆေးရုံကို ၂၀၂၁ ခုနှစ်၊ မေလ ၃၀ ရက်နေ့က တွေ့ရစဉ်။ မြတ်သုခ ကျန်းမာရေးနှင့်လူမှုကူညီရေးအသင်း မြင်းမူမြို့။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂုံညင်းဆိပ်ရွာမှာ အသက် ခြောက်နှစ်အရွယ် ကလေးငယ် တစ်ဦးနဲ့ အသက် ၂၀ ကျော်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးတို့ ဖေဖော်ဝါရီ ၁၂ ရက် နေ့လယ်ပိုင်းက လက်နက်ကြီးကျည်ထိမှန်ပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ကပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး အသက် ခြောက်နှစ်အရွယ် ကလေးငယ် မအိအိချွန် (ခေါ်) ချွန်ချွန်ရဲ့ ဘယ်ဘက်မျက်လုံး ကျွတ်ထွက်ခဲ့ပြီး၊ အသက် ၂၀ ကျော်အရွယ် မဆုမွန်ဇော်ရဲ့ လည်ပင်းရိုးကို လက်နက်ကြီး ကျည်စ ဖောက်ဝင်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

ဂုံညင်းဆိပ်ရွာနဲ့ သုံးမိုင်အကွာ မူးမြစ်တစ်ဘက်ကမ်းမှာရှိတဲ့ ကြွယ်ပုံရွာက စစ်ကောင်စီ တပ်စခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"၁၂၀ မမ တစ်လုံးတည်း ပစ်တာပေါ့။ ဂုံးညင်းဆိပ်ရွာရဲ့ အနောက်မြောက်ဘက်က မဆုမွန်ဇော်တို့ နေအိမ်ကို ကျရောက်ပေါက်ကွဲတာပေါ့။ အနားမှာ ဆော့နေတဲ့ မအိအိချွန်ကလည်း ထိသွားတယ်။ ကျန်တဲ့ အပိုင်းအစထိမှန်သူ နည်းနည်းပါးပါး ရှိပေမယ့် သူတို့လောက် ဒဏ်ရာမပြင်းကြဘူး"

ထိခိုက်ဒဏ်ရာရရှိထားတဲ့ မအိအိချွန်နဲ့ မဆုမွန်ဇော်တို့ကို မြင်းမူမြို့နယ်ဆေးရုံကို ပို့ဆောင်ထားပြီး ဒဏ်ရာပြင်းထန်တာကြောင့် အခြေအနေ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

RFA ရဲ့ စာရင်းတွေအရ ၂၀၂၂ ခုနှစ် သြဂုတ်လကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ လက်နက်ကြီး၊ မြေမြှုပ်မိုင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံ ၂၁၈ ဦး သေဆုံးခဲ့ပြီး ၅၉၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org