လားရှိုးမြို့နယ် ကုန်ကျင်းရွာမှာ လေကြောင်း တိုက်ခိုက်ခံရလို့ ဒေသခံနှစ်ဦး သေဆုံး
လားရှိုးမြို့နယ် မန်းယန်းအုပ်စု ကုန်ကျင်းရွာကို နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် ရွာခံအမျိုးသမီးနှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2023-11-19 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် မန်းယန်းအုပ်စု ကုန်ကျင်းရွာကို နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် ရွာခံအမျိုးသမီး နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက နိုဝင်ဘာ ၁၉ ရက် ဒီနေ့ ပြောပါတယ်။
အဲဒီနေ့က နှစ်ဖက်တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တာလို့ ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ရေး အခြေအနေတွေကို ဖော်ပြနေတဲ့ တအာင်း အမျိုးသမီး အဖွဲ့အစည်းကတော့ သေဆုံးသူတွေဟာ အသက် လေးဆယ်အရွယ် မနန်းပေနဲ့ အသက် ၄၂ နှစ်အရွယ် မနန်းခမ်းတို့ ဖြစ်တယ်လို့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
သူတို့နှစ်ဦးဟာ နေအိမ်အနောက်ဘက် ခြံဝင်းတစ်ခုမှာ ပြောင်းဖူးချွေနေရင်း လေကြောင်း က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် သေဆုံးခဲ့တာလို့ တအာင်း အမျိုးသမီး အဖွဲ့အစည်းရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။
“အဲဒီရွာမှာက ရွာသားတွေက စစ်ရှောင်ကြပြီ သူတို့နှစ်ဦး အပါအဝင် ငါးဦးလောက်ပဲ ကျန်ခဲ့။ အိမ်အနောက်ဘက် ခြံဝင်းထဲမှာ ပြောင်းဖူးခြွေနေရင်း ဗုံးကြဲတော့ လက်နက်ကြီး ထိတော့ တစ်ဦးက ပွဲချင်းပြီး သေတယ်။ နောက်တစ်ဦးကတော့ ဆေးကုဖို့ ပြန်ခေါ်လာရင်း ဘုန်းကြီးကျောင်းရောက်မှ ဆုံးသွားတယ်”
လက်ရှိမှာတော့ ကုန်းကျင်းယေရွာထဲမှာ ဒေသခံတွေ တစ်ယောက်မှ မရှိတော့ဘဲ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေး ဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုးမိတ် စတဲ့မြို့နယ်တွေက နေရပ်စွန့်ခွာ ထွက်ပြေးတဲ့ စစ်ဘေးဒုက္ခသည် သုံးသောင်းခွဲနီးပါးအထိ ရှိလာပြီလို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။
တအာင်း အမျိုးသမီး အဖွဲ့အစည်းရဲ့ နိုဝင်ဘာလ ၁၂ ရက်ထုတ်ပြန်ချက်အရ အောက်တိုဘာလ ၂၇ ရက်ကနေ နိုဝင်ဘာလ ၁၁ ရက်အထိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နှစ်ဖက် တိုက်ပွဲတွေကြောင့် အရပ်သား ၃၇ ဦး သေဆုံးခဲ့ပြီး ၆၅ ဦး ဒဏ်ရာရခဲ့ပါတယ်။