နောင်ချိုမြို့နယ်မှာ လက်နက်ကြီးကြောင့် ကလေးအပါအဝင် လူငါးဦးဒဏ်ရာရ
နောင်ချိုမြို့နယ် သုံးဆယ်ရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးထိမှန်လို့ ကလေးငယ်တစ်ဦးအပါအဝင် လူငါးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2024-05-16 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် သုံးဆယ်ရွာမှာ မေလ ၁၅ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးထိမှန်လို့ ကလေးငယ်တစ်ဦးအပါအဝင် လူငါးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောင်ချိုမြို့နယ် လယ်ကြင်းကွေ့ ရွာအနီးမှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ည ၉ နာရီအချိန်မှာ လက်နက်ကြီးနဲ့ နှစ်ကြိမ်ပစ်ခတ်ခဲ့လို့ အရပ်သားတွေ ထိခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ညကြီးဗျာ ပစ်လိုက်တာ။ လယ်ကြင်းကွေ့ကနေ ပစ်လိုက်တာ။ သုံးဆယ်ဘက်ကိုကျတာ။ အိမ်ပေါ်ကျလို့ မိသားစုတွေ ထိခိုက်သွားတယ်”
ဒဏ်ရာရသူတွေရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သူက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
မေလ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်က သုံးဆယ်ရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နှစ်ဦးသေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။