ကျောက်ထုမြို့နယ်မှာ လက်နက်ကြီးကြောင့် သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ
ကျောက်ထုမြို့အရှေ့မြောက်ဘက် ငလွန်းကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2024-03-10 -
-
-
မကွေးတိုင်း၊ ကျောက်ထုမြို့အရှေ့မြောက်ဘက် ငလွန်းကျေးရွာကို မတ်လ ၉ ရက်နေ့ နေ့လယ် သုံးနာရီခွဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးကျည် ထိမှန်သေဆုံးသူတွေဟာ အဲဒီရွာက အသက် ၅၂ အရွယ်ဦးဆန်းဝင်းနဲ့ သမီးဖြစ်သူ အသက် ၂၄ နှစ်အရွယ် မသဲသဲမာ၊ နောက်ထပ် အသက် ၄၈ နှစ်အရွယ် ဦးဆန်းဝင်းတို့ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အဲဒီရွာခံ အသက် ၇၂ နှစ်အရွယ် ဒေါ်ညိုတင်က တင်ပါးမှာ လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရခဲ့ပြီး အသက် ၆၅ နှစ်အရွယ် ဒေါ်စာညိုကတော့ ပေါက်ကွဲမှုကြောင့် နားမကြားရတော့ဘူးလို့ ဒေသခံတွေကပြောပါတယ်။
ကျောက်ထုမြို့အခြေစိုက် အမြောက်တပ်က စစ်ကောင်စီတပ်သား အင်အားခုနစ်ဆယ်ခန့်ဟာ စစ်ကြောင်းထိုးရင်း သရက်ချဉ်ရွာအနီး ကုန်းပေါ်ကနေ လက်နက်ကြီးနဲ့ပစ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“တစ်အိမ်တည်းနေ သားအဖနှစ်ယောက်ပေါ့ဗျာ၊ ထိခိုက်သေဆုံးသွားတယ်။ နောက်တစ်ဦးလည်းပါတယ်။ အဲဒီသုံးယောက်ကတော့ နေရာမှာတင် ပွဲချင်းပြီးဆုံးသွားတယ်ဗျ။ အဘွားကြီးတစ်ယောက်ဆို နားမကြားတော့ဘူး။ နားစည်ကွဲသွားတာလား မသိဘူး၊ နားလုံးဝမကြားတော့ဘူး။ ကျွန်တော်တို့မြို့နယ်မှာ အဲဒီလောက်အထိကို အခြေအနေဆိုးနေပါတယ်ဗျာ”
အိမ်ခြေနှစ်ရာရှိတဲ့ ငလွန်းရွာခံ ခုနစ်ရာခန့်ကတော့ လက်ရှိ ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
အဲဒီအမြောက်တပ်ဟာ ကျောက်ထုမြို့ ပတ်ဝန်းကျင်မှာရှိတဲ့ ရွာပေါင်းသုံးဆယ်ခန့်ကို လက်နက်ကြီးတွေနဲ့ မကြာခဏပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကလည်း ကြန်တောကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတစ်ဦးအပါအဝင် CDM ကျောင်းဆရာမတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။