ဒေါ့ဖုန်းယန်မှာ ခရစ်ယာန်ကျောင်းဝင်းထဲ လက်နက်ကြီးကျည်ကျလို့ နှစ်ဦးဒဏ်ရာရ
ကချင်ပြည်နယ်၊ ဒေါ့ဖုန်းယန်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်က နိုဝင်ဘာ ၅ ရက်မှာ မြို့ထဲဘက်ကို လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် ခရစ်ယာန်ဘုရားကျောင်းဝင်းထဲ ကျရောက်ပေါက်ကွဲပြီး ဒေသခံနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
-
RFA Burmese
2023-11-06 -
-
-
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်က နိုဝင်ဘာ ၅ ရက် နေ့လယ်မှာ မြို့ထဲဘက်ကို လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် ခရစ်ယာန် ဘုရားကျောင်းဝင်းထဲ ကျရောက်ပေါက်ကွဲပြီး ဒေသခံနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေါ့ဖုန်းယန်မြို့မှာ အခြေချထားတဲ့ ခလရ (၁၄၂) တပ်ကနေ မြို့ထဲကို လက်နက်ကြီးနဲ့ ရှစ်ကြိမ်ခန့် ပစ်ခတ်ခဲ့ပြီး အဲဒီအထဲက တစ်လုံးဟာ ခရစ်ယာန်ဘုရားကျောင်းဝင်းထဲ ကျရောက်ပေါက်ကွဲတာကြောင့် အနီးအနားမှာရှိနေတဲ့ ဒေသခံနှစ်ဦး ထိမှန်ခဲ့တာလို့ ဆိုပါတယ်။
ဒဏ်ရာရသူနှစ်ဦးဟာ အသက် ၃၀ နဲ့ ၄၀ ကြားအရွယ် ဦးလတ်ကျူနဲ့ ဒေါ်ကိုင်လိန်တို့ ဖြစ်ပြီး ဘုရားကျောင်းကနေ ထွက်လာချိန် ပေါင်မှာ ဗုံးစထိမှန်ခဲ့တာလို့ ဆိုပါတယ်။
အရင်ကတည်းက မြို့ထဲကို မကြာခဏပစ်ခတ်လေ့ရှိပေမယ့် လူထိခိုက်မှုဖြစ်တာတော့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"လက်နက်ကြီးနဲ့က မကြခဏပစ်နေတာ။ အရင်ကလည်း ဘုရားကျောင်းဝင်းထဲ ကျသေးတယ်။ ဒါပေမဲ့ အခုလိုတော့ လူမထိဘူး။ အခုတစ်ခေါက်က ဘုရားကျောင်းက ပြန်ထွက်လာတဲ့အချိန် ဖြစ်သွားတာဆိုတော့ လူနှစ်ဦးကို ဗုံးစမှန်သွားတယ်"
ဒဏ်ရာရသူတွေကတော့ ဗန်းမော်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရပြီး လက်ရှိတော့ အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ သေဆုံးခဲ့တဲ့ အရပ်သား ၄၁၆၉ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။