ဖားကန့်မှာ လက်နက်ကြီးကြောင့် မိန်းကလေးငယ် တစ်ဦး သေဆုံး

ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာမှာ အောက်တိုဘာ ၁၈ ရက် ညနေပိုင်းက စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကျည် ထိမှန်ပြီး အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခန်ရွာကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့က တွေ့ရစဉ်။ တာမခန်နွေဦးတော်လှန်ရေး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာမှာ အောက်တိုဘာလ ၁၈ ရက် ညနေပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးပြီး အသက် ၅၀ အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တာမခန်စစ်တပ်ကုန်းမှာ အခြေချထားတဲ့ စစ်ကောင်စီတပ်မ (၃၃) လက်အောက်ခံ ခလရ (၁၁၆) တပ်ရင်းကနေ ၆၀ မမ လက်နက်ကြီးနဲ့ နှစ်ကြိမ် ပစ်ခတ်ခဲ့ပြီး အဲဒီထဲက လက်နက်ကြီးကျည်တစ်ခုဟာ တာမခန်ကျေးရွာ အမှတ် (၃) နတ်ရေတောင်ရွပ်ကွက်မှာ ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့အချိန် ရေချိုးနေတဲ့ မိန်းကလေးတစ်ဦးကို ဦးခေါင်းနဲ့ ဝမ်းဗိုက်မှာ ဒဏ်ရာရခဲ့ပြီး ဆေးရုံပို့ဆောင်စဉ် လမ်းမှာတင် သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"မနေ့က ညနေပိုင်းလောက် စစ်တပ်ကုန်းကနေ နှစ်ချက်ပစ်တယ်။ တစ်ချက်က လူတွေနဲ့ နီးတဲ့နေရာမှာ ကျတာပေါ့။ အသက် ၁၂ ရွယ် မိန်းကလေးက ရေချိုးနေတဲ့ အချိန် ခေါင်းကိုထိတယ်။ ဆေးရုံကို ပို့လိုက်တဲ့အချိန်မှာ လမ်းမှာပဲဆုံးသွားတာ အဲကလေးက။ နောက်ထပ် အမျိုးသမီးကြီးကလည်း အိမ်မှာနေရင်း ထိခိုက်ဒဏ်ရာရသွားတယ်”

အသက် သေဆုံးခဲ့တဲ့ အသက် (၁၂) နှစ်အရွယ် မိန်းကလေးဟာ မသက်စုမွန်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ အမျိုးသမီးကတော့ ဆေးရုံမှာ ဆက်လက်ကုသမှုခံယူနေပြီး စိုးရိမ်စရာ မရှိဘူးလို့ ဆိုပါတယ်။

အဲဒီလက်နက်ကြီးဟာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးလို့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ တပ်မတော်အနေနဲ့ အရပ်သားတွေထိခိုက်အောင် လုပ်တာမရှိဘူးလို့ ယခင်က ပြောဆိုထားပါတယ်။

အောက်တိုဘာလ ၁၉ ရက် နေ့လယ်မှာတော့ တာမခန်ကျေးရွာနားမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတို့ကြား နာရီဝက်ခန့် လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org