မင်းပြားမြို့မှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ပေါ်မှာ ဒီဇင်ဘာ ၁၀ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေးတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သဖြင့် သေဆုံးခဲ့သည့် အသက် (၁၃) နှစ်အရွယ် မစံပယ်အား တွေ့ရစဉ်။ Citizen Journalist

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ပေါ်မှာ ဒီဇင်ဘာ ၁၀ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေးတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

မနေ့ညပိုင်း ဥက္ကာပျံရပ်ကွက်ကနေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာ ဖြစ်ပြီး နေအိမ်ထဲမှာ ဆော့ကစားနေတဲ့ အသက် (၁၃) နှစ်အရွယ် မစံပယ် သေဆုံးခဲ့သလို နောက်ထပ် ကလေး လေးဦးနဲ့ အမျိုးသမီး တစ်ဦး ဒဏ်ရာရခဲ့တာလို့ဆိုပါတယ်။

ကလေးတစ်ဦး နေရာမှာတင်သေဆုံးပြီး ဒဏ်ရာရသူတွေကိုတော့ ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"မနေ့ညနေပိုင်းက ဦးစိုးတင့်ရဲ့အိမ်မှာ လက်နက်ကြီးကျတာပါ။ သူ့ရဲ့သမီးက ခေါင်းမှာထိလို့ ပွဲချင်းပြီး သေသွားတယ်။ အတူတူ ကစားနေတဲ့ ကလေးတွေလည်း ဒဏ်ရာရသွားတယ်။ အဲဒီကလေးတွေကိုတော့ ဖြစ်ပြီးတာနဲ့ ဆေးရုံကို အရေးပေါ်ပို့ထားတယ်လို့ သိရတယ်"

အဲဒီ လက်နက်ကြီးဟာ မင်းပြားမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ (၃၈၀) တပ်ရင်းကနေ ပစ်ခတ်တာလို့ပြောပေမယ့် RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ညီနောင်မဟာမိတ်သုံးဖွဲ့ကတော့ မင်းပြားမြို့ပေါ်နဲ့ ပုဏ္ဏားကျွန်း၊ စစ်တွေမြို့အနီးက ရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခဲ့တာကြောင့် အသက် (၁၃) နှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး ဒေသခံရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒီဇင်ဘာ ၁၀ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

စစ်တွေမြို့၊ ဝါဘိုရွာမှာလည်း စစ်ကောင်စီတပ်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦး ဒဏ်ရာရခဲ့ပြီး နေအိမ်တစ်လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာရွာသစ်မှာလည်း စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်တွေပျက်စီးခဲ့ပြီး ဒေသခံတချို့ ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်နက်ကြီးကြောင့် ဒေသခံတချို့ သေဆုံး၊ ဒဏ်ရာရတာနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

RFA က ပြုစုထားတဲ့စာရင်းအရ ရခိုင်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲစဖြစ်တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကနေ ဒီဇင်ဘာ ၁၁ ရက်နေ့အထိ လက်နက်ကြီး၊ လက်နက်ငယ်တွေကြောင့် အရပ်သား ၁၉ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ခြောက်ဆယ်ဦး အထိ ရှိပြီဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org