သထုံမြို့နယ်မှာ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦးသေ၊ လေးဦးဒဏ်ရာရ

သထုံမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

မွန်ပြည်နယ်၊ သထုံမြို့နယ် KNU ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့က တွေ့ရစဉ်။ KNU

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးပြီး လက်နက်ကြီးတွေနဲ့ ကျေးရွာတွေကို ပစ်ခတ်တာကြောင့် လူငယ်တစ်ဦးသေဆုံးပြီး ဒေသခံလေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဇူလိုင်လ ၂၇ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၂၇ ရက် မနက် လေးနာရီကနေ ရှစ်နာရီအထိ ဝီယော်စခန်းမှာအခြေပြုထားတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်း တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီးနောက် စစ်ကောင်စီတပ်ရဲ့ အမှတ် (၉) စခန်းကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီလက်နက်ကြီးကြောင့် ထုံးဘိုလေးကျေးရွာက အသက် ၁၈ နှစ်အရွယ် စောအဲ့ကော့ရှီး သေဆုံးပြီး စောဆာထူး ဆိုတဲ့ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အလားတူ ထို့ကော်ကျိုးကျေးရွာက စောဖိုးကျော်၊ စောပလေးဒေးနဲ့ နော်အဲ့စိုးတို့လည်း ထိခိုက် ဒဏ်ရာတွေရခဲ့တာလို့ KNU-သထုံမြို့နယ် သတင်းတာဝန်ခံတစ်ဦးက RFA ကိုပြောပါတယ်။

"ကော်သူလေးအုပ်ချုပ်နယ်မြေ၊ တပ်မဟာ (၁) သထုံမြို့နယ်ထဲကို ပြီးခဲ့တဲ့ ၂၅ ရက်နေ့ နဲ့ ၂၆ ရက်နေ့ (၂) ရက်၊ တပ်မ ၄၄ လက်အောက်က စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးပြီး လာတယ်၊ ရွာသားတွေကိုလည်း လူသားဒိုင်းအဖြစ်ဖမ်းတယ်၊ ၂၇ ရက်နေ့မှ KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ခဲ့ကြတာပါ"

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမရှိသလို စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောခွင့်ရ ဦးစောခင်မောင်မြင့်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

အခုလို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့အတွက် ဇူလိုင်လ ၂၅ နေ့ကစပြီး မိချောင်းအိုင်ရွာ၊ ခလောက်အင်းရွာနဲ့ မရမ်းကုန်းကျေးရွာတွေက လူဦးရေ တစ်ထောင်ကျော် နေအိမ်ကိုစွန့်ခွာထွက်ပြေးနေကြရတယ်လို့လည်း KNU ဗဟိုက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုရဲ့ ဇူလိုင်လ ၉ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ ဇွန်လကုန်ထိ ခြောက်လအတွင်း KNU ထိန်းချုပ်နယ်မြေမှာ တိုက်ပွဲကြီးငယ်ပေါင်း ၂၄၉၅ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org