ရေစကြိုမှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦး သေဆုံး

ရေစကြိုမြို့နယ်၊ ပေါက်အူရွာထဲကို ဇူလိုင် ၁ ရက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့က မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ထန်းဆယ်ပင်ကျေးရွာအုပ်စု၊ ထန်းချောင်းကျေးရွာ မီးရှို့ခံရသည်ကို တွေ့ရစဉ်။ InfoCommitteeYesagyo

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပေါက်အူကျေးရွာထဲကို ဇူလိုင်လ ၁ ရက် နေ့လယ်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ကပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးသုံးလုံး ပေါက်အူကျေးရွာထဲကို ကျရောက်ခဲ့တာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"ရုတ်တရက်ပစ်တာပဲ ကျွန်မတို့လည်း ပြေးချိန်မရဘူးပေါ့။ ရွာဘက်ကို သုံးလုံးကျတာ။ အိမ်ထဲမှာပဲ ကလေးလေးနဲ့နေတာကို သူ့အိမ်ဝိုင်းထဲမှာ လက်နက်ကြီး လာကျတာ။ ကလေးကို ဆေးရုံဆေးခန်း ပို့သေးတယ်။ အဲဒီကျမှ ဆုံးသွားတာ"

သေဆုံးသူ ကလေးငယ်ဟာ အသက်နှစ်နှစ်နဲ့ ငါးလအရွယ် မနှင်းရွှေရည်လင်း ဖြစ်ပြီး ရုပ်အလောင်းကို နေ့ချင်း သင်္ဂြိုဟ်ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပေါက်အူကျေးရွာအတွင်း ကျရောက်တဲ့ ကျန်လက်နက်ကြီးနှစ်လုံးကတော့ အရပ်သား ထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ပေါက်အူကျေးရွာအနီး တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီ မကွေးတိုင်းပြောခွင့်ရသူကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း စစ်ရေးပဋိပက္ခတွေကြားမှာ အရပ်သား ၂၄၅၄ ဦး သေဆုံးခဲ့တယ်လို့ သုတေသနအဖွဲ့ ISP Myanmar ရဲ့ ဇွန်လ ၁၄ ရက်နေ့ထုတ် အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org