ဖားကန့်မှာ လက်နက်ကြီးကြောင့် နှစ်ဦးသေဆုံး၊ ဆယ်ဦးဒဏ်ရာရ

ဖားကန့်မြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ဖားကန့် မြို့ပေါ်နဲ့ ဆိုင်းတောင်(ဆိပ်မူ) ရွာကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံနှစ်ဦး သေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆိုင်းတောင် ကျေးရွာ ရပ်ကွက် (၄) ဘက် လက်နက်ကြီးကျပြီး နေအိမ်နှင့် ဆိုင်တန်းအချို့ မီးလောင်နေသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့က တွေ့ရစဉ်။ Citizen Photo

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဒီနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေပြီး စက်တင်ဘာ ၁၆ ရက် မနေ့ကလည်း ဖားကန့် မြို့ပေါ်နဲ့ ဆိုင်းတောင်(ဆိပ်မူ) ရွာကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံနှစ်ဦး သေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့ နေ့လယ် တစ်နာရီခန့်မှာ ဖားကန့်မြို့ပေါ် ငှက်ပျောတော ရပ်ကွက်က လျှပ်စစ်ရုံးဘေးကို လက်နက်ကြီးကျလို့ အသက် ၂၀ နဲ့ ၅၀ အရွယ်ရှိတဲ့ အမျိုးသားနှစ်ဦးသေဆုံးပြီး နောက်ထပ်ငါးဦး ဒဏ်ရာရထားတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဖားကန့်မြို့လယ် မြို့နယ်လျှပ်စစ်ရုံးနား လက်နက်ကြီးကျလို့ အမျိုးသားနှစ်ယောက် သေတယ်။ ငါးယောက် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေက ခြေထောက်တွေ၊ ခေါင်းတွေနဲ့ ဗိုက်တွေမှာထိတာ။ ဒဏ်ရာရတဲ့သူတွေကိုတော့ ဖားကန့် ဆေးရုံကို ပို့ထားတယ်”

အဲဒီနေ့ တစ်ရက်တည်းမှာပဲ မှော်တောင်းရွာနဲ့ ဆိုင်းတောင်ရွာဘက်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံငါးဦးထက်မနည်း ဒဏ်ရာခဲ့တယ်လို့ သူက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာက Lucky Man ဟိုတယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ KPDF ပူးပေါင်းတပ်တွေ စက်တင်ဘာ ၇ ရက်နေ့ကစပြီး ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ ဆိုင်းတောင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်မှုတွေ လုပ်နေသလို ဖားကန့် ဗျူဟာကုန်းကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခံနေတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ဆိုင်းတောင်ရွာက နေအိမ်နှစ်ရာကျော် မီးရှို့ဖျက်ဆီးခံရသလို လူတစ်သောင်းကျော်လည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org