ရေဦးမှာ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ သံသည်ရွာမှာ အောက်တိုဘာလ ၃ ရက်နေ့ မနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2024-10-04 -
-
-
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ သံသည်ရွာမှာ အောက်တိုဘာလ ၃ ရက်နေ့ မနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူဟာ အသက် ၄၀ ကျော်အရွယ် မခင်မျိုးမြင့်ဖြစ်ပြီး လယ်ကွင်းထဲ ကောက်စိုက်နေချိန် လက်နက်ကြီးအပိုင်းအစ ဦးခေါင်းကို ထိမှန်ခဲ့တာလို့ ဆိုပါတယ်။
အောက်တိုဘာလ ၂ ရက်နေ့က ရေဦးရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဘက်က ရွာတွေထဲကို လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေဦးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"နှစ်ရက်ရှိပြီ။ ၂ ရက်နေ့ကရော၊ ၃ ရက်နေ့ရော ရွာတွေထဲကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်နေတာ။ ၂ ရက်နေ့က ရေဦးရဲစခန်းကို ဒရုန်းနဲ့ ဗုံးချခံရပြီးကတည်းက ပစ်နေတာ"
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
အဲဒီပစ်ခတ်မှုကို ရေဦး တိုင်းရင်းဆေးရုံမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်တွေ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောဆိုပေမဲ့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
RFA က ပြုစုထားတဲ့စာရင်းတွေအရ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အခုနှစ် ဇန်နဝါရီလကနေ မေလအထိ ငါးလအတွင်း အရပ်သား ၆၆၂ ဦး သေဆုံးပြီး ၁,၄၉၂ ဦး ဒဏ်ရာရခဲ့ပါတယ်။