လားရှိုးတိုက်ပွဲမှာ လက်နက်ကြီးကြောင့် မိသားစုဝင် ခြောက်ဦး သေဆုံး

လားရှိုးမြို့အနီးတစ်၀ိုက်မှာ ဇွန်လ ၃ ရက် မနက်ပိုင်း တိုက်ပွဲတွေဖြစ်နေပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အနီးက နေအိမ်တစ်လုံးပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေးသုံးဦး အပါအဝင် တစ်မိသားစုထဲက ခြောက်ဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် လက်နက်ကြီးကျည် ကျ‌ရောက်‌ပေါက်ကွဲခဲ့သဖြင့် ပျက်စီးသွားသည့် အဆောက်အအုံတချို့ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့က တွေ့ရစဉ်။ Citizen Photo

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အနီးတစ်၀ိုက်မှာ ဇွန်လ ၃ ရက် မနက်ပိုင်း တိုက်ပွဲတွေဖြစ်နေပြီး မြို့ပေါ်ရပ်ကွက် (၁) မှာရှိတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အနီးက နေအိမ်တစ်လုံးပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေးသုံးဦး အပါအဝင် တစ်မိသားစုထဲက ခြောက်ဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မိသားစုတွေ ၀ိုင်းဖွဲ့ပြီး ထမင်းစားနေချိန် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် သေဆုံးထိခိုက်မှုများခဲ့တာလို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။

“မီးဖိုချောင်မှာ ထမင်းစားနေတဲ့ အချိန်ဖြစ်တာ။ ထမင်းစားနေတဲ့အထဲ မပါတဲ့သူတွေပဲ လွတ်သွားတာ။ သေဆုံးတဲ့သူတွေကို အခု ရင်ခွဲရုံ ပို့ထားတယ်။ ဘယ်ဘက်နေပစ်တာလဲတော့ သေချာမသိဘူး။ တစ်မနက်လုံးတော့ လက်နက်ကြီးသံတွေ ကြားနေရတယ်။ တော်လှန်ရေးတပ်ဘက်က ပစ်တာလား၊ စစ်ကောင်စီပစ်တာ ကျည်မအောင်ဘဲ အနားပြန်ကျတာလား၊ သေချာမသိရဘူး”

သေဆုံးသူတွေက အသက် ၁၄ နှစ်အရွယ် မောင်ဇယ်ဇောင်း၊ အသက် ၁၅ နှစ်အရွယ်တွေဖြစ်တဲ့ မောင်ဒွဲအောင်နဲ့ မဇယ်ညွယ်၊ အသက် ၃၀ အရွယ်တွေဖြစ်တဲ့ ကိုဆိုင်းခွမ်နဲ့ မမေရီ၊ အသက် ၇၀ ဝန်းကျင်အရွယ် ဒေါ်မာဂျီတို့ ဖြစ်ကြပါတယ်။

ဒီနေ့မနက်မှာပဲ လားရှိုးမြို့နယ် နမ့်ပေါင်ရွာထဲက နေအိမ်တစ်အိမ်ပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးရတာလို့ TNLA က ပြောထားပြီး စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တာလို့ ရေးသားကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

လက်ရှိမှာတော့ လားရှိုးမြို့ အနီးတစ်၀ိုက်နဲ့ လာရှိုးမြို့နယ်ထဲက နမ့်ဟူး၊ နမ့်ပေါင်ရွာတွေဘက်ကမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org