ဆီဆိုင်မြို့အနီး ဘုန်းကြီးကျောင်း လက်နက်ကြီးထိမှန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့အနီးက ထီတမောင်းဘုန်းကြီးကျောင်းတစ်ကျောင်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ လက်နက်ကြီးထိမှန်ပြီး ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ PNLA က ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့အနီးရှိ ထီတမောင်ဘုန်းကြီးကျောင်း လက်နက်ကြီးထိမှန်ပျက်စီးနေပုံများကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့က တွေ့ရစဉ်။ PNLA

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့အနီးက ထီတမောင်းဘုန်းကြီးကျောင်းတစ်ကျောင်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ လက်နက်ကြီးထိမှန်ပြီး ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဖေဖော်ဝါရီလ ၈ ရက်နေ့ ညမှာ ထုတ်ပြန်ပါတယ်။

အဲဒီဘုန်းကြီးကျောင်းဟာ ဆီဆိုင်မြို့နဲ့ ခုနစ်မိုင်အကွာမှာရှိပြီး စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဓမ္မာရုံနဲ့ ဇရပ်ပျက်စီးမှု ရှိခဲ့တယ်လို့ PNLA က ဖော်ပြထားပါတယ်။

အဲဒီနေရာမှာ တိုက်ပွဲလည်းမရှိသလို PNLA တပ်ဖွဲ့တွေလည်း မရှိဘဲ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခဲ့တာလို့ PNLA က စွပ်စွဲထားပါတယ်။

ဖေဖော်ဝါရီလ ၇ ရက်နေ့မှာပဲ စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးဟာ ဆီဆိုင်မြို့ရဲ့ အရှေ့ဘက်မှာရှိတဲ့ ရွာတစ်ရွာကို ကျရောက်ခဲ့တယ်လို့ PNLA က ရေးသားထားပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီက ထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရ၊ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ရာမှာလည်း စက်ပိတ်ထားပါတယ်။

ဆီဆိုင်မြို့ကို PNLA ထိန်းချုပ်ပြီးနောက် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ဘုန်းကြီးကျောင်း ငါးကျောင်း၊ ဓမ္မာရုံ တစ်ခု၊ ဘုရားရှိခိုးကျောင်း တစ်ကျောင်း၊ စာသင်ကျောင်းတစ်ခုနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ PNLA ရဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org