မုံရွာမှာ လက်နက်ကြီးကြောင့် ဒေသခံ ငါးဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ညောင်ပင်ရွာမကျေးရွာထဲကို ဖေဖော်ဝါရီလ ၁၇ ရက် နေ့လယ်ပိုင်းမှာ လက်နက်ကြီးကျည် ခုနစ်လုံး ကျရောက်ပေါက်ကွဲပြီး အရပ်သား ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2024-02-17 -
-
-
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ညောင်ပင်ရွာမကျေးရွာထဲကို ဖေဖော်ဝါရီလ ၁၇ ရက် နေ့လယ်ပိုင်းမှာ လက်နက်ကြီးကျည် ခုနစ်လုံး ကျရောက်ပေါက်ကွဲပြီး အရပ်သား ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ အမျိုးသား သုံးဦးနဲ့ အမျိုးသမီး နှစ်ဦး ဒဏ်ရာရရှိခဲ့တာပါ။
အမျိုးသားတစ်ဦးက ဒဏ်ရာပြင်းထန်ပြီး ကျန်တဲ့ လေးဦးကတော့ စိုးရိမ်စရာမရှိဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"လက်နက်ကြီးကျည်တွေကျတဲ့အချိန်မှာ နွားထိမှာစိုးလို့ နွားသွားဆွဲတဲ့ အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက်၊ နောက်ထပ် လင်မယားနှစ်ယောက်၊ ငါးယောက် ဒဏ်ရာရတာ။ အမျိုးသားတစ်ယောက်ကတော့ လက်ကိုထိတာ ဒဏ်ရာတော်တော်ပြင်းတယ်။ ကျန်တာကတော့ မစိုးရိမ်ရပါဘူး"
ဒီလက်နက်ကြီးကျည်တွေကို မုံရွာမြို့ အရှေ့ခြမ်း စစ်ကောင်စီရဲ့ ကျောက်ဆစ်ပုံ အမြှောက်တပ်က ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်သား လေးဆယ်ဝန်းကျင်က ညောင်ပင်ရွာမကျေးရွာနဲ့ အနီးက ထနောင်းဝင်းရွာကို ဝင်ရောက်စီးနင်းတာကြောင့် အဲဒီရွာနှစ်ရွာလုံးက အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က လုံခြုံရေးကိစ္စတွေကို သူမသိကြောင်း RFA ကိုပြောပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်ကလည်း မုံရွာမြို့နယ် ထနောင်းတော (တောင်) ရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံ လေးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၁၄၂၉ ဦး သေဆုံးပြီး ၂၆၄၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။