နမ့်ဆန်နဲ့ မူဆယ်မြို့နယ်မှာ လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်နဲ့ မူဆယ်မြို့နယ်မှာ နိုဝင်ဘာ ၂၀ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နှစ်ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

လက်နက်ကြီးထိမှန် ပျက်စီးသွားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ် အုမ်းစွမ်းရွာမှ နေအိမ်တစ်လုံးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်ရက်နေ့ကတွေ့ရစဉ်။ TNLA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်နဲ့ မူဆယ်မြို့နယ်မှာ နိုဝင်ဘာလ ၂၀ ရက်နေ့က စစ်ကောင်စီတပ်ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ်တစ်ဦး အပါအဝင် နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၂၀ ရက်နေ့ည ၁၁ နာရီခွဲအချိန်က စစ်ကောင်စီရဲ့ နမ့်ဆန်တပ်စခန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည် နမ့်ဆန်မြို့နယ် အုမ်းစွမ်းရွာထဲ ကျရောက်ပေါက်ကွဲ တာကြောင့် အသက် ၁၄ နှစ် အရွယ် လွေးမြတ်သန္တာလင်းဆိုတဲ့ မိန်းကလေးတစ်ဦး သေဆုံးခဲ့တယ်လို့ နမ့်ဆန်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"လက်နက်ကြီးက ကလေးမနေတဲ့ အိမ်ကိုကျတာ။ အိမ်က တစ်ဝက်ပျက်စီးသွားတယ်။ ကလေးမလေးကတော့ သေသွားတာပေါ့"

နောက်ထပ် အသက် ၁၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး အပါအဝင် လေးဦး ဒဏ်ရာ ရခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

TNLA ဘက်ကတော့ တိုက်ပွဲဖြစ်တာမရှိဘဲ ကျောက်မဲမြို့နယ် မိုင်းငေါ့တပ်စခန်းနဲ့ နမ့်ဆန်တပ်စခန်းတွေကနေ နမ့်ဆန်မြို့သစ်ရွာအပါအဝင် ရွာအချို့ကို လက်နက်ကြီးနဲ့ အကြိမ် (၃၀) ကျော် ပစ်ခတ်ခဲ့တယ်လို့ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန် ပါတယ်။

အုမ်းစွမ်းရွာမှာတော့ လက်နက်ကြီးကျည်သုံးလုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ TNLA ဘက်ကဆိုပါတယ်။

မူဆယ်မြို့နယ်အတွင်းမှာလည်း နိုဝင်ဘာလ ၂၀ ရက် နေ့လယ် ၁ နာရီကျော်က စစ်ကောင်စီရဲ့ (၁၀၅) မိုင် တပ်စခန်းကုန်းကပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် နမ့်တောင်းရွာဘုန်းကြီးကျောင်းမှာရှိတဲ့ အသက် ၇၀ အရွယ်အဖွားအိုတစ်ဦး သေဆုံးခဲ့ရတယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးရတယ် ဆိုတဲ့အပေါ် စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

နမ့်ခမ်းမြို့နယ် မန်မိုင်ရွာမှာလည်း နိုဝင်ဘာလ ၁၉ ရက်ညနေ ၅ နာရီအချိန်က စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသားနှစ်ဦး ဒဏ်ရာရခဲ့ပြီး နေအိမ် ၁၂ လုံးကျော် ပျက်စီးခဲ့ပါတယ်။

အဲဒီနေ့ည ၁၀ နာရီမှာလည်း နမ့်ဆန်မြို့နယ် မြို့သစ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေငယ်တစ်ဦးအပါဝင် နှစ်ဦးသေဆုံးခဲ့ပြီး ရွာသားရှစ်ဦး ဒဏ်ရာရခဲ့သလို နေအိမ် ၂၃ လုံးပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း စစ်ကောင်စီဘက်က တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

RFA ပြုစုထားတဲ့စာရင်းအရ ရှမ်းမြောက်ဒေသအတွင်း မြောက်ပိုင်းညီနောင်သုံးဖွဲ့ စစ်ဆင်ရေးစတင်ခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကနေ နိုဝင်ဘာလ ၂၁ ရက်နေ့အထိ လေကြောင်း၊ လက်နက်ကြီးနဲ့ လက်နက်ငယ် ပစ်ခတ်ခံရမှုကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား လေးဆယ်နီးပါ သေဆုံးခဲ့ပြီဖြစ်ပါတယ်။

အဲဒီစစ်ဆင်ရေးကာလအတွင်း မြောက်ပိုင်းညီနောင်သုံးဖွဲ့အနေနဲ့ ရှမ်းမြောက်ဒေသ မြို့နယ်ခြောက်ခုကို ထိန်းချုပ်ထားပြီး စစ်စခန်းပေါင်း ၁၅၀ ကျော် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကလည်း ဒီတိုက်ခိုက်မှုတွေအပေါ်လက်တုံ့ပြန်သွားမယ်လို့ ပြောဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org