ဘုံသဘောတူညီချက် တိုးတက်မှုမရှိတာ စစ်ကောင်စီကြောင့်လို့ စင်္ကာပူပြော
အာဆီယံရဲ့ဘုံသဘောတူညီချက်တွေ အကောင်ထည်ဖော်ဖို့တိုးတက်မှုမရှိတာဟာ စစ်တပ်ကြောင့်ဖြစ်တယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Dr Vivian Balakrishnan ကပြောကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
-
RFA Burmese
2023-05-10 -
-
-
အာဆီယံရဲ့ဘုံသဘောတူညီချက်တွေ အကောင်ထည်ဖော်ဖို့တိုးတက်မှုမရှိတာဟာ စစ်တပ်ကြောင့်ဖြစ်တယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Dr Vivian Balakrishnan ကပြောကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အာဆီယံရဲ့ မြန်မာအရေးအပေါ် တုံ့ပြန်မှုနဲ့ပတ်သက်ပြီး လွှတ်တော်အတွင်း မေးမြန်းမှုကို နိုင်ငံခြားရေးဝန်ကြီး Vivian က အခုလိုအကြောင်းပြန် ဖြေဆိုခဲ့တာပါ။
"အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ရာမှာ တိုးတက်မှု ကန့်သတ်ချက်ရှိနေတာဟာ အာဆီယံ ဒါမှမဟုတ် ပြင်ပကမိတ်ဖက်တွေကြောင့် မဟုတ်ပါဘူး။ မြန်မာနိုင်ငံက သက်ဆိုင်သူတွေ အထူးသဖြင့် တပ်မတော်ကြောင့်ပါ။ အကြမ်းဖက်မှုတွေရပ်တန့်ပြီး အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို လျင်လျင် မြန်မြန်နဲ့ အပြည့်အဝ အကောင်အထည်ဖော်နိုင်အောင် ကျွန်တော်တို့အနေနဲ့ တပ်မတော်ကို ဆက်ပြီး ဖိအားပေးသင့်ပါတယ်"
ဧပြီလ ၁၁ ရက်က ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုအပေါ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌက ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ထုတ်ပြန်ထားသလို စင်္ကာပူကလည်း ဒီရှုတ်ချမှုကို ထောက်ခံတယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အရပ်သားတွေကိုတိုက်ခိုက်တဲ့ ဘယ်လိုကိစ္စမျိုးမဆို ပြစ်တင်ရှုတ်ချပြီး ခွင့်မပြုနိုင်ဘူးလို့ ရေးသားထားသလို ဒီလိုအကြမ်းဖက်လုပ်ရပ်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် လက်ခံထားတဲ့ အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို ဆန့်ကျင်နေတာလို့ စင်္ကာပူက ဝေဖန်ထားပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အင်ဒိုနီးရှားဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ သက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်သွယ်ပြီး အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲဖြစ်လာစေဖို့ လုပ်ဆောင်နေသလို အကြမ်းဖက်မှုရပ်တန့်ပြီး လူသားချင်းစာနာမှုအကူအညီပေးနိုင်ဖို့ တောင်းဆိုထားတယ်လို့လည်း စင်္ကာပူက ဆိုပါတယ်။
မေလ ၉ ရက်နေ့ကနေ ၁၁ ရက်အထိ အင်ဒိုနီးရှားနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံထိပ်သီး အစည်းအဝေးမှာလည်း မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုသာ အဓိကဆွေးနွေးသွားကြမယ့် အနေအထားရှိနေတာပါ။
ဒီအစည်းအဝေးမတိုင်ခင်က အင်ဒိုနီးရှားဟာ စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပြင် အိမ်နီးချင်း ထိုင်း၊ တရုတ်၊ အိန္ဒိယနိုင်ငံတွေနဲ့ ထိတွေ့ဆက်သွယ်မှုတွေ ရှိခဲ့ပါတယ်။
ဒါပေမဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာတော့ စစ်ကောင်စီကိုလည်း တက်ရောက်ခွင့် မပေးသလို NUG ကိုလည်း ချန်လှပ်ထားတာ ဖြစ်ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ အာဆီယံအနေနဲ့ ဘုံသဘောတူညီချက်ငါးရပ် ထက် ကျော်လွန်စဉ်းစားပေးနိုင်မှသာ မြန်မာပြည်သူတွေအတွက် အကျိုးထူးနိုင်မယ်လို့ သုံးသပ်ထားပါတယ်။