အာဆီယံ အတွင်းရေးမှူးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင် ပစ်ဆူဝမ်ဟာ ဒီကနေ့ မနက်ပိုင်းက အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ လာရောက် တွေ့ဆုံခဲ့ပါတယ်။

၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်တွင် အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ ပစ်ဆူဝမ်က Myanmar-ASEAN Chair 2014 တံဆိပ်ပါ တီရှပ်တစ်ထည်ကို ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်နေစဉ်။ Photo courtesy of Messenger News Journal

အဲဒီလိုတွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်စဉ်အတွင်း အာဆီယံက ဘယ်လိုအခန်းကဏ္ဍကနေ ဝင်ရောက် ကူညီနိုင်မလဲဆိုတာ ဆွေးနွေးခဲ့ပါတယ်။ အာဆီယံအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ လာရောက်မယ့်ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုကြောင်း အန်အယ်လ်ဒီပါတီ ဗဟိုကော်မတီဝင် ဦးဟန်သာမြင့်က ပြောပါတယ်။

မစ္စတာ ဆူရင် ပစ်ဆူဝမ်ဟာ မနေ့ကလည်း သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပြီး လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ အာဆီယံအနေနဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ စေလွှတ်လိုကြောင်း ဆွေးနွေးခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ကလည်း ဒီအချက်ကို အလေးထား စဉ်းစားသွားမယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ်ကို ပြန်လည် ပြောဆိုခဲ့ပါတယ်။

အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင် ပစ်ဆူဝမ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့မနက်ပိုင်း ၁ နာရီကျော်ကြာ တွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ မစ္စတာ ပစ်ဆူဝမ်က Myanmar-ASEAN Chair 2014 တံဆိပ်ပါတဲ့ တီရှပ်တစ်ထည်ကို အမှတ်တရ လက်ဆောင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org