မြန်မာကို အလှည့်ကျဥက္ကဋ္ဌ တာဝန်ပေးရေး အာဆီယံ စဉ်းစားနေ

မြန်မာနိုင်ငံက တင်ပြထားတဲ့ ၂ဝ၁၄ ခုနှစ် အလှည့်ကျ အာဆီယံဥက္ကဋ္ဌ တာဝန်ယူရေးကိစ္စကို စဉ်းစားနေတယ်လို့ အာဆီယံ အရာရှိတွေက မနေ့က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

၂ဝ၁၁ ခုနှစ် မေလ ၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပသည့် ၁၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်လာသော အာဆီယံအဖွဲ့ဝင် ၁ဝ နိုင်ငံမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ ဖြစ်ပါသည်။ (Photo: AFP) Photo: AFP

မြန်မာအစိုးရရဲ့ လူ့အခွင့်အရေးနဲ့ အတုအယောင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆောင်ရွက်ချက်တွေကြောင့် အာဆီယံဥက္ကဋ္ဌ နေရာကို မပေးဖို့ နိုင်ငံတကာက ဖိအားပေးနေတဲ့ကြားက အခုလို ထုတ်ဖော် ပြောကြားလိုက်တာ ဖြစ်ပါတယ်။

မေလ ၇ ရက်နေ့ ကျင်းပမယ့် အာဆီယံ ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေး မတိုင်ခင် အာဆီယံ အဆင့်မြင့်အရာရှိတွေရဲ့ ဆွေးနွေးပွဲမှာ ဒီကိစ္စကို ဆွေးနွေး ပြောကြားခဲ့တယ်လို့ အာဆီယံ သံတမန်တဦးက AFP သတင်းဌာနကို ပြောကြားပါတယ်။

မြန်မာနိုင်ငံဟာ ၂ဝဝ၆ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ရာထူးကို နိုင်ငံတကာဖိအားကြောင့် အလှည့် ကျော်ခဲ့ပါတယ်။ အခု ၂ဝ၁၄ ခုနှစ်ဟာ လာအိုနိုင်ငံရဲ့ အလှည့်ဖြစ်ပေမယ့် လာအိုအစား မြန်မာက အလှည့် ဝင်ယူဖို့ အခုလို တင်ပြလိုက်တာ ဖြစ်ပါတယ်။

မြန်မာအစိုးရ ခေါင်းဆောင် ဦးသိန်းစိန်ဟာ အင်ဒိုနီးရှားကို ရောက်ရှိနေပြီး အင်ဒိုနီးရှားသမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနိုနဲ့ တွေ့ဆုံစဉ်မှာ ဒီကိစ္စကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောရာမှာ မြန်မာ အလှည့်ကျဥက္က ဖြစ်ရေး၊ မဖြစ်ရေး ဆုံးဖြတ်တာကို အချိန်ရွေ့ဆိုင်းပြီး ဆုံးဖြတ်ဖွယ်ရှိကြောင်း ပြောကြားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အာဆီယံဥက္ကဋ္ဌ ဖြစ်ဖို့ အဆင်သင့်ဖြစ်မဖြစ် ဆိုတာကို သေချာအောင် စိစစ်တဲ့ လုပ်ငန်းစဉ်တခု ရှိကောင်း ရှိပါလိမ့်မယ်လို့လည်း ပြောကြားပါတယ်။

မေလ ၇ ရက်နေ့ကစပြီး ဂျာကာတာမြို့မှာ ကျင်းပမယ့် အာစီယံ ထိပ်သီးဆွေးနွေးပွဲမှာ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပြဿနာ၊ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ ဥက္ကဋ္ဌတာဝန် ပေးသင့်မပေးသင့် စတဲ့ကိစ္စတွေက အဓိက လွှမ်းမိုးထားလိမ့်မယ်လို့ လေ့လာသူတွေက ပြောဆိုနေပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး အာအက်ဖ်အေ အဖွဲ့သား ကိုကျော်မင်းထွန်း အသေးစိတ် စုစည်း တင်ပြထားပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org