အာဆီယံရဲ့ မြန်မာ့အရေး သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်အပေါ် စစ်ကောင်စီကန့်ကွက်

အာဆီယံရဲ့ မြန်မာ့အရေးသုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ကြောင်းနဲ့ အဖွဲ့ဝင်နိုင်ငံရဲ့ ပြည်တွင်းရေးကိုမစွက်ဖက်ဖို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

၂၀၂၃ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင်ကျင်းပသည့် (၄၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် အာဆီယံနိုင်ငံများမှ ဝန်ကြီးချုပ်များအား တွေ့ရစဉ်။ ACHMAD IBRAHIM / POOL / AFP

အာဆီယံ ဘုံသဘောတူညီချက်ငါးချက် အကောင်အထည်ဖော်မှုဆိုင်ရာ အာဆီယံ ခေါင်းဆောင်တွေရဲ့ ပြန်လည် သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ကြောင်းနဲ့ အဖွဲ့ဝင်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ဖို့ ထပ်ပြီးသတိပေးတယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

အပြုသဘောမဆောင်တဲ့ သုံးသပ်ချက်တွေနဲ့ တစ်ဖက်သတ်ဆန်ပြီး မျှတမှုမရှိတဲ့ ဆုံးဖြတ်ချက်တွေ ပါတာကြောင့် အာဆီယံခေါင်းဆောင်တွေရဲ့ ပြန်လည်သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်တာလို့ ဆိုပါတယ်။

စက်တင်ဘာ ၄ ရက်နေ့မှာကျင်းပတဲ့ (၄၃) ကြိမ်မြောက် အာဆီယံညှိနှိုင်းရေးကောင်စီ အစည်းအဝေးနဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပြီးနောက် ထုတ်ပြန်ခဲ့တဲ့ အာဆီယံရဲ့ သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်အပေါ် စစ်ကောင်စီဘက်က အခုလို ကန့်ကွက် ကြောင်း ထုတ်ပြန်လာတာပါ။

အာဆီယံရဲ့ ထုတ်ပြန်ချက်ထဲမှာ သုံးသပ်ချက် ရှစ်ချက်နဲ့ ဆုံးဖြတ်ချက် ဆယ်ချက်ပါဝင်ပြီး မြန်မာနိုင်ငံမှာ ဆက်ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ဖိလစ်ပိုင်နိုင်ငံကို တာဝန်ပေးတဲ့ ဆုံးဖြတ်ချက်လည်း ပါဝင်ပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ အဲဒီထုတ်ပြန်ချက်မူကြမ်းကို မြန်မာနိုင်ငံနဲ့ ဆွေးနွေးညှိနှိုင်းခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ အမြင်နဲ့ ရပ်တည်ချက်ကို လျစ်လျူရှုခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဖို့လည်း ထပ်လောင်းအသိပေးတယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အာဆီယံခေါင်းဆောင်တွေဟာ စက်တင်ဘာ ၅ ရက်ကနေ ၇ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးညီလာခံကိုလည်း ဆက်လက်တက်ရောက်နေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org