မြန်မာကို အင်ဒိုနီးရှားကူညီမည်
2018.11.12

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက စင်္ကာပူမှာ ကျင်းပတဲ့ အာဆီယံထိပ်သီးညီလာခံမှာ ရခိုင်ပြည်နယ်ပဋိပက္ခကို အာဆီယံအဖွဲ့အနေနဲ့ ဖြေရှင်းဖို့ ထည့်သွင်းပြောကြားမယ်လို့ ဂျကာတာကလာတဲ့ သတင်းတစ်ပုဒ်မှာ ဒီကနေ့ ဖော်ပြထားပါတယ်။
ညီလာခံမှာ အချက်သုံးချက်ကို အဓိကထား ပြောဆိုဖို့ရှိပြီး ပထမအချက်က… အာဆီယံအနေနဲ့ ဒေသတွင်းပဋိပက္ခတွေကို မိသားစုပြဿနာအဖြစ် သဘောထားပြီး အလေးအနက်ဖြေရှင်းဖို့၊ ဒုတိယအချက်အဖြစ် မြန်မာကို ရခိုင်ပြည်နယ်ပြဿနာဖြေရှင်းရာမှာ ပါဝင်ကူညီဖို့နဲ့၊ တတိယအချက် အနေနဲ့ အာဆီယံနဲ့ မိတ်ဖက်နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရေးကို ပြောကြားမယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ပရေးရာ ညွန်ကြားရေးမှူး ဆီယာဟန်က… အင်ဒိုနီးရှားအနေနဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာလှုပ်ရှားခွင့်ရရှိရေး၊ ခွဲခြားဆက်ဆံမှုပပျောက်ရေးနဲ့ ဖွံ့ဖြိုးရေးတွေအတွက် ကူညီဖို့ အဆင်သင့်ပါပဲလို့လည်း ပြောပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေးကို အမေရိကန်ဒု-သမ္မတမိုက်ပင့်စ်လည်း တက်ရောက်နေပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ လွတ်လပ်စွာ ကုန်သွယ်ရေးမူဝါဒ ဆက်လက်ကျင့်သုံးဖို့နဲ့ မြန်မာပြည်က ရိုဟင်ဂျာပဋိပက္ခ တင်းမာမှု လျော့ပါးရေးအတွက် ပါဝင်ဆောင်ရွက်ဖို့ ပစိဖိတ်ဒေသ နိုင်ငံခေါင်းဆောင်တွေက အမေရိကန်ဒု-သမ္မတကို ပြောဆိုကြမယ်လို့ မျှော်လင့်ရပါတယ်။
ထိပ်သီးအစည်းအဝေးကို တရုတ်ဝန်ကြီးချုပ် လီကဲ့ချန်၊ ရုရှားသမ္မတ ဗလာဒီမီယာပူတင်၊ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့လည်း တက်ရောက်နေကြပါတယ်။