မြန်မာစစ်ခေါင်းဆောင်တွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့ အာဆီယံကို မလေးရှားတိုက်တွန်း

စစ်ခေါင်းဆောင်တွေ ဖန်တီးခဲ့တဲ့ အနှောင့်အယှက်အဟန့်အတားတွေကြောင့် ပဋိပက္ခဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးလမ်းကြောင်း ပိတ်ဆို့နေရတယ်လို့လည်း ဆိုပါတယ်။

၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်လာသော မလေးရှားနိုင်ငံခြားရေးဝန်ကြီး Zambry Abdul Kadirနှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi။ AFP

မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Zambry Abdul Kadir က အာဆီယံကို မနေ့က တိုက်တွန်းလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ အခုလို တိုက်တွန်းခဲ့တာပါ။

စစ်ခေါင်းဆောင်တွေ ဖန်တီးခဲ့တဲ့ အနှောင့်အယှက်အဟန့်အတားတွေကြောင့် ပဋိပက္ခဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးလမ်းကြောင်း ပိတ်ဆို့နေရတယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလမှာ အကြမ်းဖက်မှုတွေ တိုးလာတဲ့ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးအစီအစဉ်ကို ပြန်သုံးသပ်ဖို့ အာဆီယံသံတမန်တွေ တွေ့ဆုံချိန် မလေးရှားဘက်က အခုလို ထူးခြားပြတ်သားတဲ့ သတင်းစကား ထွက်ပေါ်လာတာဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

စစ်ကောင်စီကို ထိထိရောက်ရောက် အရေးမယူတာကြောင့် ဖြစ်လာတဲ့အကျိုးဆက်တွေကို မလေးရှားနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လက်သင့်မခံနိုင်ဘူးလို့လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ မလေးရှားနဲ့အတူ ပြောခဲ့တယ်ဆိုတဲ့ အာဆီယံအဖွဲ့ဝင်တွေက ဘယ်သူတွေလဲဆိုတာကိုတော့ ထုတ်ဖော်မပြောပါဘူး။

အာဆီယံအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ဒီသီတင်းပတ်အတွင်း ကျင်းပနေပြီး မြန်မာနိုင်ငံအရေး တောင်တရုတ်ပင်လယ် အရေးနဲ့ ဒေသတွင်း စီးပွားရေး၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေအပါအဝင် တခြားကိစ္စရပ်တွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org