လာအိုမှာကျင်းပမဲ့ အာဆီယံအစည်းအဝေး စစ်ကောင်စီ အဆင့်မြင့် ကိုယ်စားလှယ် စေလွှတ်မည်

အာဆီယံအစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိတစ်ဦးစေလွှတ်ဖို့ စစ်ကောင်စီက ပြောကြားထားပါတယ်။

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့က ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တွေ့ရစဉ်။ Facebook/ASEAN Photo

လာအိုနိုင်ငံမှာ ကျင်းပသွားဖို့ရှိနေတဲ့ အာဆီယံအစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိတစ်ဦးစေလွှတ်ဖို့ စစ်ကောင်စီက ပြောကြားထားကြောင်း NIKKEI Asia က အောက်တိုဘာ ၃ ရက် ဒီနေ့မှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၉ ရက်နေ့မှာ စတင်မဲ့ အဲဒီ အစည်းအဝေးကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးကို စေလွှတ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

အာဆီယံရဲ့ ပုံမှန်အစည်းအဝေးတစ်ခုမှာ မြန်မာနိုင်ငံက အခုလိုပါဝင်လာတာဟာ လေးနှစ်အတွင်း ပထမဦးဆုံး အကြိမ်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အခုတစ်ကြိမ်စေလွှတ်မဲ့ စစ်ကောင်စီက အဆင့်မြင့် ကိုယ်စားလှယ်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက သဘောတူဖွယ်ရှိတယ်လို့လည်း ဆိုထားပါတယ်။

လာမဲ့ အာဆီယံအစည်းအဝေးမှာ စစ်ကောင်စီက အစိုးရ ကိုယ်စားလှယ် တစ်ဦး တက်ရောက်ခဲ့ရင် အစည်းအဝေး အစီအစဉ်တွေထဲမှာ မြန်မာနိုင်ငံရဲ့ ဘုံသဘောချက်တွေ အကောင်အထည်ဖော်မှု အခြေအနေနဲ့ လူသားချင်း စာနာမှုအကူအညီပေးရေး ကိစ္စတွေ ပါဝင်လာဖွယ်ရှိတယ်လို့ ဖော်ပြပါတယ်။

အဲဒီ အာဆီယံ အစည်းအဝေးမှာ ဂျပန်၊ အမေရိကန်၊ တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ ပါဝင်တဲ့ အစည်းအဝေးတွေကိုလည်း ကျင်းပသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက လာမဲ့ အာဆီယံ အစည်းအဝေးကို စေလွှတ်မယ့် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးဟာ ပြီးခဲ့တဲ့ ဇူလိုင်လက ပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကိုလည်း တက်ရောက်ခဲ့ပါတယ်။

အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများအသင်း ထိပ်သီးအစည်းအဝေးတွေကနေ စစ်ကောင်စီ ကိုယ်စားလှယ်တွေကို ဖယ်ထုတ်ပေးဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၃၇ ဖွဲ့က အောက်တိုဘာ ၂ ရက်နေ့က တောင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org