မြန်မာစစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေး တက်ခွင့်မပြုဖို့ အာဆီယံဆုံးဖြတ်

အောက်တိုဘာ ၂၆ ရက်နေ့မှာ စတင်ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်း အဝေးကို မြန်မာစစ်ခေါင်းဆောင်တွေ တက်ရောက်ခွင့် မပြုဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက ဒီနေ့ ဆုံးဖြတ်လိုက်တယ်လို့ NHK သတင်းဌာနက ကြားဖြတ် သတင်းအဖြစ် ဖော်ပြလိုက်ပါတယ်။

၂ဝ၁၈ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့က အာဇာနည်နေ့အခမ်းနားတက်ရောက်လာတဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ Photo: AFP

အောက်တိုဘာ ၂၆ ရက်နေ့မှာ စတင်ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးကို မြန်မာစစ်ခေါင်းဆောင် တွေ တက်ရောက်ခွင့် မပြုဖို့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးက ဒီနေ့ ဆုံးဖြတ်လိုက်တယ် လို့ NHK သတင်းဌာနက ကြားဖြတ်သတင်းအဖြစ် ဖော်ပြလိုက်ပါတယ်။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေး တက်ခွင့်ပြု၊ မပြု ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျန်တဲ့ အာဆီယံကိုးနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး‌တွေ အောက်တိုဘာ ၁၅ ရက် ဒီနေ့ အွန်လိုင်းဗီဒီယိုအစည်းအဝေး ပြုလုပ်ခဲ့ကြတာပါ။

နှစ်နာရီကျော်ကြာ ပြုလုပ်ခဲ့တဲ့ ဒီအစည်းအဝေး ဆုံးဖြတ်ချက်ကို မနက်ဖြန်စနေနေ့မှာ လက်ရှိ အာဆီယံ အလှည့်ဥက္ကဋ္ဌဖြစ်တဲ့ ဘရူနိုင်းနိုင်ငံက တရားဝင် ထုတ်ပြန် ကြေညာမယ်လို့ မလေးရှား နိုင်ငံခြားရေးဌာန ပြောခွင့်ရသူနဲ့ ဒေသတွင်း သံတမန်တစ်ဦးကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ အစည်းအဝေးမှာ ဘာတွေ ဆွေးနွေးခဲ့ကြသလဲ ဆိုတဲ့ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

ရှေ့သီတင်းပတ်အတွင်း အာဆီယံအထူးသံတမန် Erywan Yusof မြန်မာနိုင်ငံ သွားရောက်နိုင်ရေးအတွက် အစည်းအဝေးမှာ ဆွေးနွေးကြမှာလို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ရိုက်တာသတင်းဌာနကို ဒီနေ့မနက်ပိုင်းက ပြောပါတယ်။ တကယ်လို့ ဒီကိစ္စ တိုးတက်မှု မရှိဘူးဆိုရင် မြန်မာစစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေး တက်ခွင့်မပြုဖို့ မလေးရှားရဲ့ သဘောထား ပြောင်းလဲမှာ မဟုတ်ဘူးလို့လည်း ပြောဆိုထားပါတယ်။

အစည်းအဝေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်ငါးခုရဲ့ အဆိုအရ အာဆီယံ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ကို နိုင်ငံရေးနယ်ပယ်က မဟုတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးကို နိုင်ငံ ကိုယ်စားပြု တက်ရောက်ဖို့ ဖိတ်ကြားမယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကလည်း… မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်မရောက်မချင်း အာဆီယံ ထိပ်သီး အစည်းအ‌ဝေးတွေမှာ မြန်မာကို အစိုးရအဆင့် ကိုယ်စားပြု တက်ခွင့်မပေးဖို့ အကြံပြုခဲ့တယ်လို့ သူ့ရဲ့ တွစ်တာလူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက်ငါးချက်နဲ့ ပတ်သက်လို့ တိုးတက်မှုတစ်စုံတစ်ရာ မတွေ့ရကြောင်း ဒီနေ့ အရေးပေါ်အစည်းအဝေးမှာ ထောက်ပြဆွေး‌နွေးခဲ့တယ်လို့လည်း ‌ရေးသားထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org