လူထုတောင်းဆိုမှုကို အကြမ်းမဖက်ဖို့ အာဆီယံအကြီးအကဲ သတိပေး
မြန်မာနိုင်ငံမှာ လတ်တလောပေါ်ပေါက်နေတဲ့ လျှပ်စစ်စွမ်းအင်ရရှိရေး ဆန္ဒထုတ်ဖော်မှုတွေကို အကြမ်းမဖက်ဘဲ အေးဆေးညင်သာ ဖြေရှင်းပြီး၊ ဒါတွေဟာ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီစနစ်ဆီ ကူးပြောင်းရာမှာ ဖြစ်မြဲဓမ္မတာ ကိစ္စတွေအဖြစ် ရှုမြင်ဖို့ လိုအပ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ် ဆူရင် ပစ်စူဝမ်က မြန်မာအစိုးရကို ကြာသပတေးနေ့က တိုက်တွန်း သတိပေးလိုက်ပါတယ်။
-
2012-05-24 -
-
-
အာဆီယံအတွင်းရေးမှူးချုပ် ဆူရင် ပစ်စူဝမ်
Photo courtesy of ASEAN web site
မြန်မာနိုင်ငံဟာ လက်ရှိသွားနေတဲ့ လမ်းကြောင်းကနေ သွေဖည်မသွားဖို့ အတိုက်အခံတွေအပေါ် ဖိနှိပ်မှုတွေ မလုပ်မိဖို့ အရေးကြီးကြောင်းလည်း ပြောဆိုပါတယ်။
နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ရပ်ဟာ ပွင့်လင်းတဲ့ ဒီမိုကရေစီလူ့ဘောင် ဖြစ်လိုတယ်ဆိုရင် လူထု လှုပ်ရှားမှုတွေ၊ ဖိအားတွေ၊ တောင်းဆိုချက်တွေ၊ ပဋိပက္ခတွေ၊ တင်းမာမှုတွေ၊ တစ်ခါတလေ အကြမ်းပတမ်းတွေနဲ့ ညှိနှိုင်းဖြေရှင်းဖို့ အသင့်ပြင်ထားရပါမယ် လို့ ဆူရင်ပစ်ဆူဝမ်က ရိုက်တာသတင်းဌာနက တွေ့ဆုံ မေးမြန်းရာမှာ ပြောဆိုခဲ့ပါတယ်။
အာဆီယံအနေနဲ့ မိမိတို့ အတွေ့အကြုံတွေကို အသုံးပြုပြီး မြန်မာနိုင်ငံရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းဖို့ အသင့်ရှိကြောင်း၊ လူထုတောင်းဆိုမှုတွေကို စီမံဖြေရှင်းရာမှာ ဘယ်လိုအကြမ်းဖက်တာမျိုးကိုမှ မမြင်တွေ့လိုကြောင်းလည်း ပြောဆိုပါတယ်။