မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ခန့်အပ်တဲ့အပေါ် ဂျပန်၊ တရုတ်၊ ကိုးရီးယားတို့ ကြိုဆို
မြန်မာနိုင်ငံက ပြဿနာတွေ တိုးတက်အောင် ဖြေရှင်းဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်အဖြစ် ဘရူနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကို ခန့်အပ်လိုက်တဲ့အပေါ် တရုတ်၊ ဂျပန်နဲ့ တောင်ကိုးရီးယားနိုင်ငံတို့က အသီးသီး ထောက်ခံကြိုဆိုလိုက်ပါတယ်။
- 2021-08-05
-
-
-
မြန်မာနိုင်ငံက ပြဿနာတွေ တိုးတက်အောင် ဖြေရှင်းဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန် အဖြစ် ဘရူနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကို ခန့်အပ်လိုက်တဲ့အပေါ် တရုတ်၊ ဂျပန်နဲ့ တောင်ကိုးရီးယားနိုင်ငံတို့က အသီးသီး ထောက်ခံကြိုဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ လက်ရှိခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ကို ထောက်ခံကြောင်း ဒီကနေ့ ဩဂုတ်လ ၅ ရက်နေ့မှာ ရန်ကုန်ရှိ တရုတ်သံရုံးက ထုတ်ပြန်ကြေငြာလိုက်တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးကို အာဆီယံကဖြေရှင်းတဲ့အခါ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်သွားမယ်လို့ တရုတ်သံရုံးက ဆိုပါတယ်။
တောင်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူကလည်း “ဘရူနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကို အထူးသံတမန်အဖြစ် ခန့်အပ်လိုက်တဲ့အပေါ် ကျနော်တို့ အစိုးရက ကြိုဆိုပါတယ်၊ မြန်မာ့အရေး နဲ့ ပတ်သက်ပြီး အာဆီယံက ဦးဆောင်ကြိုးပမ်းမယ့်ကိစ္စကို ကျနော်တို့အစိုးရက တက်ကြွစွာ ထောက်ခံ အားပေးသွားမယ်” လို့ ပြောဆိုကြောင်း တောင်ကိုးရီးယားအခြေစိုက် Yonhap သတင်းမှာ ရေးထားပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi ကလည်း “မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန် ခန့်အပ်တဲ့အပေါ် အပြည့်အဝ ထောက်ခံအားပေးသွားမယ်” လို့ အမေရိကန်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး တို့နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ကြောင်း ဒီကနေ့ ကျိုဒိုက ပေးပို့တဲ့ Japan Times သတင်းမှာ ဖော်ပြ ထားပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးက “သူတို့အစိုးရအနေနဲ့ မြန်မာနိုင်ငံက အခြေအနေတွေ တိုးတက်မှု ရှိ၊ မရှိ မျက်ခြေမပြတ် စောင့်ကြည့်နေပြီး၊ လောလောဆယ် အနေအထားအရတော့ ဒီမိုကရေစီစနစ်ကို အမြန်ဆုံး ပြန်သွားနိုင်မယ့် အခြေအနေ မတွေ့ရဘူး” လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။
အာဆီယံအဖွဲ့ရဲ့ အားနည်းချက်တွေကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာနေတဲ့ စင်ပြိုင်အာဆီယံအဖွဲ့ တာဝန်ခံ ဒက်ဘီ စတော့ဟတ် (Debbie Stothard) က "အာဆီယံဟာ ဘုံသဘောတူညီချက် ငါးချက်ကို အမှန်တကယ် အလေးအနက် အကောင်အထည်ဖော်ဖို့ လိုအပ်တယ်။ အာဆီယံဟာ မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုတွေနဲ့ လူသား မျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ရပ်တန့်ရေးအတွက် နည်းမျိုးစုံနဲ့ လုပ်ဆောင်ရာမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့လည်း တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်" လို့ RFA က သီးသန့်ဆက်သွယ်မေးမြန်းစဉ် တိုက်တွန်းထားပါတယ်။