အာဆီယံထိပ်သီးအစည်းအဝေးကို စစ်ကောင်စီကိုယ်စားလှယ် စေလွှတ်

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ အောက်တိုဘာ ၉ ရက်မှာ စတင်ကျင်းပမဲ့ အာဆီယံထိပ်သီးအစည်းဝေးကို စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး တက်ရောက်မယ်လို့ AFP သတင်းက ဖော်ပြပါတယ်။

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့က ကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး။ Nhac NGUYEN/AFP

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ အောက်တိုဘာ ၉ ရက် မနက်ဖြန်စတင်ကျင်းပမဲ့ အာဆီယံထိပ်သီးအစည်းဝေး ကို စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး တက်ရောက်မယ်လို့ AFP သတင်းက ဖော်ပြပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးတွေကို မြန်မာနိုင်ငံကိုယ်စားလှယ် တက်ရောက်ခွင့်ပိတ်ပင်ခံထားရပြီး သုံးနှစ်ကျော်အကြာမှာ ပထမဆုံး ပြန်လည်တက်ရောက်ခွင့်ရတာဖြစ်ပါတယ်။

မနက်ဖြန်စတင်ကျင်းပမဲ့ ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ အောက်တိုဘာ ၈ ရက်က ဒီနေ့ကျင်းပတဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာလည်း စစ်ကောင်စီကိုယ်စားလှယ် ဦးအောင်ကျော်မိုး တက်ရောက်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဆီယံထိပ်သီးညီလာခံ အရေးပေါ်အစည်းအဝေး တက်ရောက်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ စစ်ခေါင်းဆောင်က မြန်မာ့ငြိမ်းချမ်းရေးအတွက် အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို သဘောတူလက်မှတ်ရေးထိုးခဲ့ပေမဲ့ အကောင်အထည်ဖော်မှု မရှိတဲ့အတွက် အာဆီယံဘက်က မြန်မာစစ်အစိုးရခေါင်းဆောင်တွေကို ထိပ်သီးအစည်းအဝေးတွေတက်ဖို့ တားမြစ်ခဲ့ပါတယ်။

စစ်ခေါင်းဆောင်ကိုယ်တိုင်လက်မှတ်ရေးထိုးခဲ့တဲ့ အာဆီယံဘုံသဘောတူညီမှုငါးရပ်ကတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ ငြိမ်းချမ်းတဲ့ အဖြေတစ်ခုရဖို့ သက်ဆိုင်သူတွေ ဆွေးနွေးကြဖို့၊ အာဆီယံဥက္ကဋ္ဌနဲ့ အထူးကိုယ်စားလှယ်က ဆွေးနွေးမှုတွေမှာ ကြားဝင်ဆောင်ရွက်ဖို့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့နဲ့ အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့နဲ့ သက်ဆိုင်သူတွေ တွေ့ဆုံဖို့ ဆိုတဲ့အချက်တွေ ဖြစ်ပါတယ်။

အောက်တိုဘာ ၉ ရက်နေ့ မနက်ဖြန်ကျင်းပမဲ့ အာဆီယံထိပ်သီး အစည်းအဝေးမှာ အာဆီယံနိုင်ငံတွေ အပါအဝင် တရုတ်၊ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနဲ့ ကနေဒါတို့လည်း တက်ရောက်မယ်လို့ မျှော်လင့်ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org