မြန်မာလူ့အခွင့်အရေးဆွေးနွေးဖို့ အာဆီယံကို အမတ်တွေ တိုက်တွန်း

စင်္ကာပူနိုင်ငံမှာကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံမှာ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း ဦးစားပေးဆွေးနွေးဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ APHR က တိုက်တွန်းလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ၂ဝ၁၇ ဧပြီလက ကျင်းပခဲ့သော အာစီယံညီလာခံ။

မြန်မာလူ့အခွင့်ရေးဆွေးနွေးဖို့ အာဆီယံကို အမတ်တွေ တိုက်တွန်း
~~~~~~~~~~

(ခက်မာ)

■ စင်္ကာပူနိုင်ငံမှာ နိုဝင်ဘာလ ၁၁ ရက်ကနေ ၁၅ ရက်နေ့အထိကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံမှာ အရှေ့တောင်အာရှ ခေါင်းဆောင်တွေအနေနဲ့ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြောင်းကို ဦးစားပေး ဆွေးနွေးသင့်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ APHR က မနေ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ဆက်ဆံနေတာတွေ အဆုံးသတ်အောင် အာစီယံခေါင်းဆောင်တွေအနေနဲ့ မြန်မာအစိုးရကို တွန်းအားပေးသွားဖို့လိုသလို၊ ကမ္ဘောဒီးယားနိုင်ငံမှာလည်း သဘောထားကွဲလွဲသူတွေအပေါ် နှိမ်နင်းနေတဲ့ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့လုပ်ရပ်တွေ ရပ်တန်းကရပ်ဖို့ တားဆီးသင့်တယ်လို့ APHR အဖွဲ့ ဥက္ကဋ္ဌ ချားလ်စ်စန်တီယာဂိုက ပြောပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေမှာ လူ့အခွင့်အရေးအခြေအနေ နောက်ပြန်သွားနေပြီး အစိုးရတွေကလည်း အာဏာကိုဆုပ်ကိုင်ထားဖို့ ကြိုးစားနေကြချိန်မှာ ကျင်းပတဲ့ အာဆီယံထိပ်သီးညီလာခံဟာ ၂ဝ၁၈ ဇူလိုင်လ ၂၉ ရက်နေ့က ကမ္ဘောဒီးယားမှာ တပါတီအာဏာရှင်စနစ်ဆီ ပြန်ရောက်သွားစေတဲ့ ရွေးကောက်ပွဲ ပြီးဆုံးသွားချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ရော မြန်မာနိုင်ငံရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပါ တက်ရောက်မယ့် အဲဒီအာဆီယံညီလာခံမှာ ကြေညာချက်ထုတ်ရတဲ့အထိ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြောင်း ဆွေးနွေးဖို့ အဓိကဦးစားပေးဖြစ်တဲ့အကြောင်းကို လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော် အမတ်များအဖွဲ့ရဲ့ ဥက္ကဋ္ဌ ချားလ်စ် စန်တီယာဂိုက ခုလို ပြောပြပါတယ်။

“အာဆီယံနိုင်ငံတွေထဲမှာ အကြီးမားဆုံးရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲက တခုကတော့ လူ့အခွင့်အရေးချိုး ဖောက်ခံနေရခြင်းပါပဲ။ မြန်မာနိုင်ငံမှာဆိုရင် လူတွေဟာ သူတို့အသားအရောင်နဲ့ ယုံကြည်မှုတွေကြောင့် လူ့အခွင့်အရေးချိုးဖောက်တာကို ခံနေရပါတယ်။ ကမ္ဘောဒီးယားမှာ ဆိုရင်လည်း ဟာသတခုလိုဖြစ်တဲ့ ရွေး ကောက်ပွဲနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရပါတယ်။ အာဆီယံအဖွဲ့ဟာ သူ့ဒေသတွင်းက လူတွေကိုစောင့်ကြည့် နေပြီး အဲဒီဒေသတွင်းမှာ ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးတွေကို ဦးစားပေးဆောင်ရွက်ရမှာဖြစ်ပါတယ်

အာဆီယံညီလာခံမှာ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့သူတွေထဲက မိမိဆန္ဒအလျောက် ပြန်လာချင်တဲ့ရိုဟင်ဂျာတွေကို ပြန်ခေါ်ရေး အမြန်ဆုံးစတင်ဖို့ အရေးကြီးကြောင်း အရှေ့တောင်အာရှ ခေါင်းဆောင်တွေက ထုတ်ဖော်ပြောဆိုကြမှာ ဖြစ်ပါတယ်။ အင်္ဂါနေ့မှာ စတင်ကျင်းပမယ့် အစည်းအဝေးကနေ ထုတ်ပြန်မယ့် ကြေညာချက်မူကြမ်းမှာ ဒီကိစ္စကို ထည့်သွင်းရေးသားထားပါတယ်။

လွန်ခဲ့တဲ့လတွေကတည်းက နိုင်ငံတကာနဲ့ ကမ္ဘာ့သတင်းမီဒီယာတွေက ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ တောက်လျှောက် တိုက်တွန်းခဲ့ပါတယ်။ ဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း သူတို့တွေကိုပြန်ခေါ်ဖို့  မြန်မာနိုင်ငံကိုတောင်းဆိုထားသလို တခြားနိုင်ငံတွေကိုပါ မြန်မာနိုင်ငံအပေါ် ဖိအားပေးဖို့ တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံကတော့ ဒုက္ခသည်တွေပြန်လက်ခံရေးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက နှစ်နိုင်ငံ သဘောတူညီချက်အရ ပြန်လာမယ့်ဒုက္ခသည်တွေကို စစ်ဆေးလက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောဆိုထားပါတယ်။ တချိန်တည်းမှာပဲ ကမ္ဘာ့သတင်းတွေမှာ ဒုက္ခသည်တွေကို အလျင်စလို ပြန်မပို့သင့်သေးဘူးဆိုတဲ့ သုံးသပ်ချက်တွေကိုလည်း ဆက်တိုက်တွေရလာရပြန်ပါတယ်။ အဲဒီအပေါ်မှာ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ရဲ့ ဥက္ကဋ္ဌ ချားလ်စ်စန်တီရာဂိုရဲ့အမြင်ကို RFA က မေးကြည့်ပါတယ်။

“သူတို့က ရခိုင်မှာနေခဲ့တဲ့အထောက်အထားရှိသူတွေကိုမှ ပြန်လက်ခံမယ်ပြောပါတယ်၊ အဲဒီုက္ခသည်တွေရဲ့အိမ်တွေက မီးရှို့ခံလိုက်ရတယ်တော့ ဘာအထောက်အထား ပြနိုင်မှာလဲ။ သူတို့ရဲ့လုံခြုံရေးဟာလည်း အာမခံချက်မရှိသေးတဲ့အတွက် အာဆီယံအနေနဲ့ ဒုက္ခသည်ပြန်ပို့ရေး အစီအစဉ်ကို လောလောဆယ်မှာ အကူအညီ မပေးနိုင်သေးသလို အကူအညီ မပေးသင့်သေးဘူးလို့ ထင်ပါတယ်”

လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော် ကိုယ်စားလှယ်အဖွဲ့က အဲဒီလိုထောက်ပြတဲ့အတွက် ဒုက္ခသည် ပြန်လည်လက်ခံရေးမှာ စိစစ်နေတဲ့ အနေအထားနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးကို မေးကြည့်တော့ အခုလို ပြန်ရှင်းပြပါတယ်။

“ထွက်သွားတဲ့လူတွေရဲ့ စာရင်းတွေက ဒီဘက်မှာအတိအကျရှိတယ်။ ဒါကြောင့်မို့လည်း ကျနော်တို့က ပြန်လက်ခံတာကို စိစစ်လက်ခံလို့ရတာပေါ့။ သူက ဘယ်ရွာမှာနေခဲ့တယ်ဆိုတာကို နာမည်ပြောတာနဲ့ အဲဒီ လူတွေရဲ့ဓာတ်ပုံတွေနဲ့ ဒီဘက်မှာရှိထားတယ်။ ဘာကြောင့်ဆိုတော့ မှတ်တမ်းတွေက ဓာတ်ပုံရိုက်ပြီး တင်ထား တာလေ။ လဝက ကနေပြီးတော့။ ဒါကအငြင်းပွားစရာမဟုတ်ပါဘူး။ သူတို့ပြောထားတာက အဲလောက်ကြီးလဲ ကျနော်တို့က မယုံဘူးလေ။ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲမှာ ပြောထားတာ ၅ သိန်းကျော်ပဲ ရှိတယ်လို့ ပြောထားတာ။ ကျန်တဲ့ ၂ သိန်းကျော် ဟနေတာကတော့ စစ်လိုက်လို့ရှိရင် ပေါ်ပါတယ်။ သူတို့ဘက်က စာရင်းနဲ့ ကျနော်တို့ဘက်က စာရင်းနဲ့ကလေ”

အဲဒီလို အကြောင်းပြသူကပြ၊ ဖြေရှင်းသူက ဖြေရှင်းနေတာတွေက ဆုံးနိုင်မှာမဟုတ်တာကြောင့် ဒီဒုက္ခသည်ပြဿနာ ဖြေရှင်းရေးအတွက် မြန်မာနိုင်ငံက ဘယ်လိုအကောင်းဆုံး လုပ်ဆောင်သင့်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော် ကိုယ်စားလှယ်များအဖွဲ့အနေနဲ့ မြင်ပါသလဲဆိုပြီး မေးကြည့်တော့ ချားစ်စန်တီရာဂိုက…

“မြန်မာအစိုးရအနေနဲ့ အလုပ်သင့်ဆုံးကတော့ သူတို့သတ်ဖြတ်ခဲ့တဲ့ လူ့အဖွဲ့အစည်းကိုတောင်းပန်၊ အဲဒီလူ့အဖွဲ့ အစည်းကဆုံးရှုံးခဲ့တာတွေကို အလျော်ပြန်ပေးပြီး နောက်ထပ်ဒါမျိုးဖြစ်မလာဖို့ အာမခံပေးရမှာပါပဲ။ အဲဒါတွေလုပ်ဖို့ရာမှာ စစ်တပ်ကို ပြောင်းလဲပစ်ဖို့ကလည်း အရေးတကြီး လိုအပ်ပါတယ်”

စင်္ကာပူနိုင်ငံမှာ နိုဝင်ဘာလ ၁၁ ရက်ကနေ ၁၅ ရက်နေ့အထိကျင်းပမယ့် အာဆီယံညီလာခံမှာ အာဆီယံခေါင်းဆောင်တွေက ကြေညာချက်တစောင် ထုတ်ပြန်သွားမှာဖြစ်ပြီး အဲဒီကြေညာချက်ထဲမှာ ရခိုင်ပြည်နယ်က အခြေအနေတွေကို စိုးရိမ်နေကြတဲ့အကြောင်းနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေကို မြန်မာအစိုးရက ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်အနေနဲ့ စုံစမ်းစစ်ဆေးပြီး အပြည့်အဝ တာဝန်ယူဖို့ တိုက်တွန်းမယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက ကြိုးစားနေတဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ မတူကွဲပြားတဲ့ လူ့အသိုင်းအဝိုင်းတွေကြား ပြန်လည်သင့်မြတ်ရေးနဲ့ သဟဇာတဖြစ်ရေး၊ ရခိုင်ပြည်နယ်မှာ စဉ်ဆက်မပြတ် သာတူညီမျှ ဖွံ့ဖြိုးတိုးတက်ရေးတွေကို ဆက်ပြီးထောက်ခံနေမယ်လို့ ကြေညာချက်မူကြမ်းထဲမှာ ထည့်သွင်း ရေးသားထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org