အာရှ အမျိုးသမီးများရေးရာ ဆွေးနွေးပွဲ ဝါရှင်တန်မှာ ကျင်းပ
မြန်မာ့အသွင်ကူးပြောင်းရေးဟာ ဒီမိုကရေစီလမ်းကြောင်းကို ရောက်မလား ဒါမှမဟုတ် ပုံစံတမျိုးနဲ့ နောက်ထပ် စစ်အစိုးရဖြစ်မှာလား ဆိုတာ မသေချာမရေရာတဲ့ အနေအထားတစ်ရပ် ကို ရောက်နေတယ်လို့ နိုင်ငံရေးအကျဉ်းသူဟောင်း မဇင်မာအောင်က ပြောပါတယ်။
-
2015-03-02 -
-
-
Your browser doesn’t support HTML5 audio
မြန်မာ့အသွင်ကူးပြောင်းရေးဟာ ဒီမိုကရေစီလမ်းကြောင်းကို ရောက်မလား ဒါမှမဟုတ် ပုံစံတမျိုးနဲ့ နောက်ထပ် စစ်အစိုး ရဖြစ်မှာလားဆိုတာ မသေချာမရေရာတဲ့ အနေအထားတစ်ရပ်ကို ရောက်နေတယ်လို့ နိုင်ငံရေး အကျဉ်းသူဟောင်း မဇင်မာအောင် က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ ကျင်းပတဲ့ Asia's Unsung Female Leaders : အာရှတိုက် က တေးမသီနိုင်တဲ့ အမျိုးသမီးခေါင်းဆောင်များ ဆိုတဲ့ ခေါင်းစဉ် နဲ့ Facing Down Oppression and Hardship in the Quest for Human Dignity လူ့ဂုဏ်သိက္ခာရှာဖွေရာမှာ ဖိနှိပ်မှု နဲ့အခက်အခဲကြုံတွေ့ရခြင်းဆိုတဲ့ ဆွေးနွေးပွဲမှာ ပြော ကြားလိုက်တာပါ။
“ အသွင်ကူးပြောင်းစကာလ ဆိုပါတော့ တင်းကြပ်မှုတွေ စတင်လျှော့ပေါ့ ပေးတဲ့ကာလမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဆီကို ဦးတည်မလားဆိုပြီး အများကြီးမျှော်လင့်ခဲ့ပါတယ်။ ဒါပေမဲ့ နောက် နှစ်နှစ် ကြာတော့ လျှော့ပေါ့ပေးတာ တွေအရှိန်ကျသွားပြီး၊ ဒီ အသွင်ကူးပြောင်းတာဟာ ဒီမိုကရေစီ ဘက်လား နောက်ပုံစံတမျိုးနဲ့ စစ်အစိုးရဖြစ်လာမလားဆိုတာ မသေချာတော့ပါဘူး” လို့ မဇင်မာအောင် က ပြောကြားခဲ့ပါတယ်။
မဇင်မာအောင်ဟာ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းနဲ့ Rain Fall အမျိုးသမီး စွမ်းရည်မြှင့်တင်ရေး အဖွဲ့ပူးတွဲထူထောင်သူ လည်းဖြစ်၊ အမေရိကန် ပြည်ထောင်စုက ချီးမြှင့်တဲ့ ၂၀၁၂ ခုနှစ်အတွက် နိုင်ငံတကာ အမျိုးသမီး သတ္တိရှင်ဆုရှင် လည်း ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲကို New America Foundation နဲ့ Radio Free Asia လွတ်လပ်သော အာရှ အသံတို့ ပူးပေါင်း ကျင်းပခဲ့ တာဖြစ်ပြီး၊ ဒီ မတ်လမှာ ကျရောက်တဲ့ အမျိုးသမီး များနေ့အထိမ်းအမှတ်အဖြစ် ကွန်ပျူတာအွန်လိုင်းမှာ ဖတ်ရှုနိုင်မယ့် It’s Not OK (အခြေအနေမကောင်းပါဘူး) ဆိုတဲ့ အွန်လိုင်း စာအုပ်မိတ်ဆက်ပွဲမှာ ပြောကြားသွားတာ လည်းဖြစ်ပါတယ်။
နောက်အဓိကဆွေးနွေးသူတဦးဖြစ်တဲ့ RFA အွန်လိုင်း ညွှန်ကြားရေးမှူးနဲ့ အမှုဆောင် အယ်ဒီတာ လည်းဖြစ်၊ It’s Not OK အွန်လိုင်းစာအုပ်ရေးသားသူ လည်းဖြစ်တဲ့ Catherine Antoine ’ကလည်း အာရှတိုက်က အမျိုးသမီးတွေ အံတု ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ပြောကြားခဲ့ပါတယ်။
အာရှတိုက်က အာဏာရှင်အစိုးရတွေလက်အောက်မှာ သတင်းလွတ်လပ်ခွင့်မရတဲ့ နိုင်ငံတွေက သတင်း နဲ့အချက် အလက်တွေကို အာအက်ဖ်အေက ရယူနေပါတယ်။ အဲဒီမှာ မကြာခဏဆိုသလိုပဲ ယုံကြည်မှုအတွက် အကျဉ်း ကျနေတဲ့ရှေ့နေတွေ ဒါမှမဟုတ် အတိုက်အခံတွေရဲ့ ဇနီးသည်တွေ၊ ညီမတွေ အစ်မတွေ၊ မိခင်တွေရဲ့ သတင်းတွေ ကိုလည်း ရယူရပါတယ်။ သူတို့ဘဝတွေဟာ အတော့်ကို ရင်းနှီးရပါတယ်လို့ ပြောကြားခဲ့ပါတယ်။
နောက်ဆွေးနွေးသူတစ်ဦးဖြစ်တဲ့ Vietnam PAC လူ့အခွင့်အရေးအဖွဲ့က ညွှန်ကြားရေးမှူးလည်းဖြစ် Johns Hopkins ဓာတ်ရောင်ခြည်ဌာန တွဲဖက်ပါမောက္ခ တဦးလည်းဖြစ်တဲ့ Binh Nguyen ကလည်း ကွန်မြူနစ်အုပ်ချုပ်တဲ့ ဗီယက်နမ် နိုင်ငံက အမျိုးသမီးတွေရဲ့ အသုံးချခံနေရတဲ့ဘဝအပြင် အာရှတိုက်က အမျိုးသမီးတွေ လူကုန် ကူးခံနေရတွေ လည်း ဆွေးနွေးခဲ့ပါတယ်။
မြေသိမ်းယာသိမ်းမှုတွေနဲ့ အလုပ်ရှင် အလုပ်သမားပဋိပက္ခတွေမှာ အာရှတိုက်က အမျိူးသမီးတွေက ရဲရဲဝံ့ဝံ့ ပြောဆို အံတုရဲတဲ့အကြောင်း၊ တချို့လည်း အကျဉ်းကျခံ ရတဲ့အကြောင်း။ အာရှတိုက် ယဉ်ကျေးမှုအရ အမျိူးသမီးတွေ ဟာ ရှေ့တန်းက မပါဝင်နိုင်ကြတဲ့အကြောင်း စတာတွေလည်း ဆွေးနွေးသွားခဲ့ပါတယ်။
ဒီ ဆွေးနွေးပွဲမှာ အဓိကပါဝင်ဆွေးနွေးသူတဦးဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသူဟောင်း မဇင်မာအောင်ကို ဒီ အခမ်းအနား မကျင်းပခင် ဒေါ်စမ်းစမ်းတင် က မေးမြန်းထားတာ နားဆင်ရပါမယ်။