အာရှ အစိုးရများ လူ့အခွင့်အရေး ပျက်ကွက်နေ

အာရှတိုက် နိုင်ငံပေါင်း ၁၁ နိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေကို AHRC ခေါ် အာရှ လူ့အခွင့်အရေး ကော်မရှင်က ဒီဇင်ဘာ ၁၀ ရက် ဒီကနေ့ ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

သံခြေချင်းဖြင့် မီးရထားလမ်း အလုပ်ကြမ်း လုပ်နေသော အကျဉ်းသားနှစ်ဦး ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

အဲဒီ ၁၁ နိုင်ငံကတော့ အာဆီယံ အဖွဲ့ဝင်တွေ ဖြစ်တဲ့ မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနဲ့ တောင်အာရှနိုင်ငံတွေ ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ နီပေါ၊ အိန္ဒိယ၊ သီရိလင်္ကာနဲ့ တောင်ကိုရီးယား နိုင်ငံတို့ ဖြစ်ပါတယ်။

ဒီ ၁၁ နိုင်ငံက အစိုးရတွေဟာ ပြည်သူတွေကို ကာကွယ် စောင့်ရှောက်ရမယ့် တာဝန်တွေ ပျက်ကွက်နေတဲ့အတွက် အခုလို အစီရင်ခံစာ ထုတ်ပြန်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် တရားစီရင်ရေး နယ်ပယ်တွေမှာ ချွတ်ယွင်းချက်တွေ အကြီးအကျယ် တွေ့ရှိရတယ်လို့ AHRC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တရားစီရင်ရေး ကိစ္စတွေမှာ လွတ်လပ်မှု မရှိတာတွေ တွေ့ရသလို ဥပဒေရေးရာ ဖွဲ့စည်းပုံတွေမှာလည်း ပြဿနာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

တရားစီရင်ရေး အာဏာ ကိုယ်နှိုက်သည်ပင်လျှင် အုပ်ချုပ်မှုအာဏာနဲ့ ဥပဒေပြုအာဏာရဲ့ ကန့်သတ်မှုတွေကို ခံနေရတယ်လို့လည်း ဖော်ပြထားပါတယ်။

လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်မှုတွေ ရှိနေပေမယ့် ဒီချိုးဖောက်မှုတွေကို ဥပေဒကြောင်းအရ စုံစမ်းစစ်ဆေးရေး ကိစ္စတွေကို တားမြစ် ပိတ်ပင်ထားတဲ့အတွက် လူ့အခွင့်အရေး ချိုးဖောက်သူတွေဟာ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ကို ပြည့်ပြည့်ဝဝကြီး ရရှိနေကြတယ်လို့လည်း သုံးသပ်ထားပါတယ်။

အာရှနိုင်ငံအတော်များများက ရဲစခန်းတွေ ရဲဌာနတွေမှာ နှိပ်စက်ညှဉ်းပန်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီး နှိပ်စက်ညှဉ်းပန်းတဲ့ လုပ်နည်းလုပ်ဟန်ကို အစိုးရတွေ ကိုယ်တိုင်က တရားဝင် ခွင့်ပြုထားသလို ဖြစ်နေပြီလို့လည်း ဖော်ပြထားပါတယ်။

ဒီအတောအတွင်း တရုတ်ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် လျူရှောက်ဘိုအပါအဝင် မြန်မာနိုင်ငံနဲ့ အီရန်နိုင်ငံက အကျဉ်းကျခံနေရတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ထောက်ခံကြောင်း ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးက ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။

ဒီနှစ် နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ ကမ္ဘာတဝန်းက လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူတွေကို အထူး ဂုဏ်ပြုပါကြောင်း ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

လူ့အခွင့်အရေးကိစ္စဟာ ဗြိတိန်ရဲ့ နိုင်ငံခြားရေး မူဝါဒမှာ အဓိက အခန်းကဏ္ဍက ပါဝင်ကြောင်းနဲ့ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေး ဆုံးရှုံးနေသူတွေ အတွက် မိမိတို့ အခိုင်အမာ ရပ်တည်ဖို့ သံန္နိဋ္ဌာန်ချမှတ်ကြရမှာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

တရုတ်ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် လျူရှောက်ဘိုကို ပြန်လွှွတ်ပေးဖို့လည်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ထပ်မံတောင်းဆိုလိုက်သလို မြန်မာနိုင်ငံမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ၂,၂၀၀ ကျော်ကို ပြန်လွှွတ်ပေးဖို့လည်း မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။

အလားတူပဲ အီရန်၊ ဗီယက်နမ်နဲ့ ကာဂျစ်စတန်နိုင်ငံမှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ညှဉ်းပန်း နှိပ်စက်နေတာတွေ ထောင်သွင်း အကျဉ်းချနေတာတွေကို ရပ်တန့်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org