အာသံထောင်က အစာငတ်ခံ ဆန္ဒပြနေတဲ့ မြန်မာတွေ ဆန္ဒပြမှု ခေတ္တရပ်ဆိုင်း
UNHCR ကိုယ်စားလှယ်အဖွဲ့ဝင်တွေ အကျဥ်းထောင်ကိုလာမှာဖြစ်တာကြောင့် အစာငတ်ခံဆန္ဒပြတာကို ရပ်ဆိုင်းထားတာလို့ India for Myanmar အဖွဲ့ တာဝန်ခံ ဆလိုင်းဒိုခါရ်က ပြောပါတယ်။
-
RFA Burmese
2024-09-17 -
-
-
အိန္ဒိယနိုင်ငံ အာသံပြည်နယ်က အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၁၄၀ ကျော် အစာငတ်ခံဆန္ဒပြနေတာကို စက်တင်ဘာလ ၁၆ ရက်နေ့က စပြီး ခေတ္တရပ်ဆိုင်းထားတယ်လို့ အကျဉ်းသားတွေအရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ကုလသမဂ္ဂနှင့် ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ကိုယ်စားလှယ်အဖွဲ့ဝင်တွေ အကျဥ်းထောင်ကိုလာမှာဖြစ်တာကြောင့် အစာငတ်ခံဆန္ဒပြတာကို ရပ်ဆိုင်းထားတာလို့ India for Myanmar အဖွဲ့ တာဝန်ခံ ဆလိုင်းဒိုခါရ်က ပြောပါတယ်။
"ဆန္ဒပြမှုကတော့ သူတို့လာညှိလေ့ရှိတယ်။ သူတို့ကို ရပ်တန့်ပေးဖို့။ UNHCR က တာဝန်ရှိသူတွေလာမယ်ဆိုပြီးမှ UNHCR ကို စောင့်တဲ့အနေနဲ့ ဆန္ဒပြမှုကို ခဏရပ်တန့်ထားတဲ့ပုံစံမျိုး ဖြစ်ပါတယ်။ UNHCR ရယ် မဏိပူအစိုးရရယ် ထောင်က ဖမ်းဆီးခံထားရတဲ့သူတွေ သုံးပွင့်ဆိုင် ဆွေးနွေးပြီးတော့မှ အဲဒီရလဒ်အပေါ်မှာ ကျေနပ်မှု ရှိ၊ မရှိတော့ ပေါ်လာလိမ့်မယ်ထင်တယ်"
အိန္ဒိယနိုင်ငံထဲ တရားမဝင် အထောက်အထားမဲ့ နေထိုင်မှုနဲ့ ဖမ်းဆီးထောင်ချခံထားရတဲ့ ရိုဟင်ဂျာအယောက် ၁၁ဝ နဲ့ ချင်း ၃၂ ဦး လွတ်ရက်စေ့ပေမဲ့ အာဏာပိုင်တွေက ပြန်မလွှတ်ပေးသေးတာကြောင့် စက်တင်ဘာ ၉ ရက်နေ့ကစပြီး ဆန္ဒပြနေတာဖြစ်ပါတယ်။
အစာငတ်ခံဆန္ဒပြနေသူတွေအနေနဲ့ ဆန္ဒပြနေချိန်မှာ အားအင်ကုန်ခမ်းတာ၊ ဗိုက်နာတာနဲ့ ခေါင်းမူးတဲ့ဝေဒနာတွေကို ခံစားနေရတယ်လို့ စက်တင်ဘာ ၁၃ ရက်နေ့က India for Myanmar က ထုတ်ပြန်ထားပါတယ်။
ပြစ်ဒဏ်ရက်စေ့ပြီဖြစ်ပေမဲ့ မြန်မာအစိုးရဘက်က ပြန်မခေါ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ထောင်တွေထဲမှာ နှစ်ချီထိန်းသိမ်းခံထားရတာဖြစ်ပြီး ရိုဟင်ဂျာတွေဟာ ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကြောင့် ထွက်ပြေးလာရတဲ့သူတွေဖြစ်ပါတယ်။
ဖမ်းဆီးခံထားရတဲ့ ချင်းတိုင်းရင်းသားတွေဟာလည်း ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာကြသူတွေဖြစ်ပြီး ထောင်ထဲမှာဖမ်းဆီးခံထားရတာ နှစ်နှစ်ကျော်ရှိနေပြီ ဖြစ်ပါတယ်။