ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး အလေးအနက်ထားဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆို

ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ခြံဝင်း အတွင်း ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုခဲ့တာပါ။

နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ပြည်တွင်း ဘုရားဖူး ခရီးစဉ်အတွင်း ၂၀၁၁ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ကို ပုဂံဘုရား ဖူးမျှော်နေစဉ် တွေ့ရပုံ။ AFP

"တကယ်ဆိုရင် ရှေးဟောင်းနံရံပန်းချီဆိုတာ အဲဒီလိုဘဲ တကဲ့ကျွမ်းကျင်သူတွေနဲ့ သေချာ ကြည့်ရတယ်။ ဘယ်လို ဆေးသုံးထားတယ် ဘာတယ်ဆိုတာ ကြည့်ပြီးတော့မှ အရင်အတိုင်း အနီးဆုံးဖြစ်အောင် လုပ်ရတယ်။ ကျွမ်းကျင်တဲ့သူတွေကို ဖိတ်ခေါ်ရတယ်။"

မြန်မာ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းဖို့ ပုဂံကို မြတ်နိုး တန်ဖိုးထားသူများ Friends of Bagan ပုဂံမိတ်ဆွေများ အဖွဲ့ ဖွဲ့စည်းသင့်တယ်လို့လည်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ တိုက်တွန်းခဲ့တယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

"အီတလီမှာ Friends of Venice ဆိုတာ ရှိပါတယ်တဲ့။ အဲဒီလိုဘဲ ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေကို မြတ်နိုး တန်ဖိုးထားသူများဟာ ငွေအား၊ ပစ္စည်းအား၊ အကြံဉာဏ်အားတွေနဲ့ စုပေါင်းပြီးတော့ ကြိုးပန်းသင့်ပါတယ်တဲ့။ ဥပမာ - ပုဂံမှာဆိုရင် ယွန်းထည်လုပ်ငန်းမျိုးမှာ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေလည်း မပျက်အောင် ခေတ်မှီ ဆန်းသစ်တဲ့ နည်းပညာတွေနဲ့ ထည့်ပြီးတော့ လူအများ သုံးစွဲနိုင်အောင် သုံးစွဲချင်စိတ်ရှိလာအောင် ပြုလုပ်ဖို့ ဖြစ်ပါတယ်တဲ့။"

ဒေါ်အောင်ဆန်းစုကြည်က ပုပ္ပါးက စိမ်းစိမ်းစိုစိုမြင်ကွင်းနဲ့ သူရောက်ခဲ့တဲ့ အင်းကြင်းတော အကြောင်း၊ သူမျက်ဝါးထင်ထင် တွေ့ခဲ့ရတဲ့ ကျေးလက် ပြည်သူတွေရဲ့ နွမ်းပါးတဲ့ ဘဝ၊ ရေရှားတဲ့ အဖြစ် စတာတွေကိုလည်း ဒီကနေ့ ပြောဆိုခဲ့ပါတယ်။

ခရီးစဉ် တလျှောက် သတင်းယူရင်း ဆုံတွေ့ရပြီး တဦးနဲ့တဦး နားလည်မှု ရှိရှိ ပူးပေါင်း ဆောင်ရွက်ခဲ့တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ကျေးဇူးတင်တဲ့ အကြောင်း ပြောကြားတယ်လို့လည်း ဦးအုန်းကြိုင်က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org