ကြားဖြတ်ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ဖွယ်ရှိ
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ဖွယ်ရှိကြောင်း NLD ပါတီက ပြောဆိုလိုက်ပါတယ်။
-
2011-11-13 -
-
-
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ပြန်လည် မှတ်ပုံတင်ကောင်း တင်မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်လည်း ရွေးကောက်ပွဲ ဝင်နိုင်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောဆိုတယ်ဆိုပြီး AFP သတင်းဌာနက ဖော်ပြထားပါတယ်။
အခုလို ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ ဝင်နိုင်တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို RFA က မေးမြန်းကြည့်တဲ့အခါ ဦးဉာဏ်ဝင်းက…
“ဒါ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေပါလိမ့်မယ်။ ကျနော့်အနေနဲ့ကတော့ မြင်ရတွေ့ရတဲ့ အခြေအနေပေါ်မှာ ဖြစ်နိုင်ခြေရှိတယ်လို့ ကျနော်ပြောခဲ့ပါတယ်”
အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်မှာ အမတ်နေရာ ၄ဝ လောက် လစ်လပ်နေတဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲ လုပ်ပြီး ပြန်လည်ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရွေးကောက်ပွဲ ဘယ်တော့ ကျင်းပမယ် ဆိုတာကိုတော့ ဦးသိန်းစိန်အစိုးရက ကြေညာထားတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ သောကြာနေ့က NLD ပါတီ တာဝန်ရှိသူတွေ အစည်းအဝေးတရပ် ကျင်းပခဲ့ပေမယ့် ပါတီမှတ်ပုံတင်ရေးနဲ့ ရွေးကောက်ပွဲဝင်ရေးကို ဆုံးဖြတ်ချက် မချရသေးဘဲ လာမယ့် နိုဝင်ဘာလ ၁၈ ရက်နေ့ကို ရွှေ့ဆိုင်းထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘယ် ရွေးကောက်ပွဲနယ်မြေက ဝင်ရောက်ယှဉ်ပြိုင်မယ် ဆိုတာမျိုး တိတိကျကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။