မြန်မာ့အရေးကို ကမ္ဘာက မျက်ခြေမပြတ် ကြည့်နေဖို့ လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆို

မြန်မာနိုင်ငံမှာ လွတ်လပ်မှုကို ဦးတည်တဲ့ ကနဦး ခြေလှမ်းတွေ စတင် ပေါ်ထွက်နေပြီလို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပနေတဲ့ Clinton Global Initiative (CGI) နှစ်ပတ်လည် ညီလာခံမှာ ပြောကြားလိုက်ပါတယ်။

အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန် ဦးဆောင်တဲ့ CGI ရဲ့ ၂၀၁၁ ခုနှစ် ညီလာခံကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ နေအိမ်ကနေ အင်တာနက် Skype ဗီဒီယိုက တဆင့် စက်တင်ဘာလ ၂၁ ရက်တွင် တိုက်ရိုက်မိန့်ခွန်း ပြောဆိုနေစဉ်။ AFP

အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန် ဦးဆောင်တဲ့ CGI ရဲ့ ဒီနှစ် ညီလာခံကို ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ နေအိမ်ကနေ အင်တာနက် Skype ဗီဒီယိုက တဆင့် မိန့်ခွန်း တိုက်ရိုက်ပြောဆိုခဲ့တာပါ။

တကယ်လို့ မြန်မာ့အရေးကို ကမ္ဘာက ကူညီချင်တယ်ဆိုရင် လက်ရှိ ပြည်တွင်းမှာ ဘာတွေဖြစ်နေသလဲ ဆိုတာ ကမ္ဘာက လေ့လာသိရှိဖို့ လိုပါတယ်။ အဲဒီလို သိရှိနေနိုင်ဖို့ သတင်းစာထဲပါတာလောက် ဖတ်ယုံမဟုတ်ဘဲ အဖြစ်အပျက်တွေ နောက်ကိုလည်း မျက်ခြေမပြတ် လိုက်ပြီး ကြည့်နေဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

မြန်မာ့အိမ်နီးချင်း အိန္ဒိယ၊ တရုတ်တို့ကို ရည်ညွှန်း ပြောကြားရာမှာတော့ အစိုးရချင်း ဆက်ဆံရေး ကောင်းမွန်ဖို့ထက် ပြည်သူတွေနဲ့ ဆက်ဆံရေးကိုလည်း ပိုပြီး အလေးထားဖို့၊ ပြည်သူတွေရဲ့ အသံကိုနားထောင်ဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

၃-ရက်ကြာ ကျင်းပမယ့် အဲဒီ CGI ညီလာခံကို ကမ္ဘာတလွှားက နိုင်ငံရေး၊ စီးပွားရေးလောက ခေါင်းဆောင်တွေ အပြင် နိုင်ငံ ၅၀ ကျော်က အစိုးရအဖွဲ့ ခေါင်းဆောင်တွေလည်း တက်ရောက်ကြပါတယ်။

ဒီအကြောင်း အပြည့်အစုံကို အာအက်ဖ်အေ အဖွဲ့သား မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org