ဒေါ်အောင်ဆန်းစုကြည်အပေါ် စီရင်ချက် ဒီမိုကရေစီနဲ့ တရားမျှတမှုကို စော်ကားတာ ဖြစ်ကြောင်း အမေရိကန်ပြော

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက မတရားသဖြင့် စီရင်ချက်ချလိုက်တာဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ တရားမျှတမှုအပေါ် ပြောင်ပြောင်တင်းတင်း စော် ကားလိုက်တာလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ကြေညာချက် ထုတ်ပြန်ပြောဆို လိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် Reuters

မြန်မာစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို မတရားသဖြင့် စီရင်ချက်ချလိုက်တာနဲ့ တခြားသော ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံခေါင်းဆောင်တွေကို ဖိနှိပ်တာတွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ တရားမျှတမှု အပေါ် ထပ်ပြီး ပြောင်ပြောင်တင်းတင်း စော်ကားလိုက်တာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဒီနေ့ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက တရားဥပဒေစိုးမိုးရေးကို လစ်လျူရှုမှုနဲ့ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်မှုတွေကြောင့် မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် အမြန်ဆုံးပြန်ရောက်အောင် ကြိုးပမ်းအားထုတ်မှုတွေကို အားလျော့စေတယ်လို့လည်း အန်တိုနီဘလင်ကန် က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရွေးကောက်ခံကိုယ်စားလှယ် အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အာဏာသိမ်းစစ်ကောင်စီကို တောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အာဆီယံနဲ့ ရထားတဲ့ သဘောတူညီချက်ငါးရပ်မှာ ပါတဲ့အတိုင်း သက်ဆိုင်သူ အားလုံးနဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခြင်းအားဖြင့် မြန်မာပြည်သူတွေရဲ့ အကျိုး အတွက် အကြပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ ထပ်မံတောင်းဆိုကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန် နိုင်ငံအနေနဲ့ ဒီမိုကရေစီနဲ့ တရားမျှတမှု ရဖို့ တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေနဲ့ အတူ လက်တွဲပြီး၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ ပြည်သူတွေရဲ့ဆန္ဒကို လေးစားဖို့နဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် ဆောင်ရွက်ပေးဖို့ မြန်မာစစ်တပ်ကို တောင်းဆိုကြောင်းလည်း နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကန်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org