မန္တလေးမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောဖို့ နေရာအခက်အခဲတွေ့နေ
အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီစည်းရုံးရေး ခရီးစဉ်အဖြစ် မန္တလေးတိုင်းကို ဖေဖော်ဝါရီ ၄ ရက်နဲ့ ၅ ရက်မှာ သွားရောက်တဲ့အခါ မန္တလေးမြို့လူထုကို မိန့်ခွန်းပြောဖို့ နေရာအခက်အခဲ ကြုံနေရကြောင်း အန်အယ်လ်ဒီ တာဝန်ရှိသူတွေက ပြောပါတယ်။
-
2012-02-02 -
-
-
၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့သော ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် အန်အယ်လ်ဒီ မြို့နယ် စည်းရုံးရေး ကော်မတီ ရုံးဖွင့်ပွဲ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာစဉ်။
RFA
ဗထူးဘောလုံးကွင်းကို အစိုးရရဲ့သတ်မှတ်ချက်အတိုင်း ၁၀ ရက် ကြိုတင် ငှားရမ်းခဲ့ပေမယ့် အငြင်းပယ်ခံရသလို မန္တလေးတိုင်း အားကစားကွင်းကို ထပ်မံငှားရမ်းရာမှာလည်း အဆင်မပြေကြောင်း အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောပါတယ်။
မန္တလေးလူထုကို ဒေါ်အောင်ဆန်းစုကြည် တရားဟောတဲ့အခါ လမ်းပိတ်ဆို့မှု မဖြစ်ရအောင် အခုလို သက်ဆိုင်ရာကို အကူညီ တောင်းပေမယ့် အဆင်မပြေတဲ့အတွက် နောက်ဆုံးမှာတော့ ရှမ်းကွင်းလို့ခေါ်တဲ့ မန္တလေး ၃၅ လမ်းက ရှမ်းတိုင်းရင်းသားများ သာရေး နာရေးကွင်းကို အသုံးပြုသွားမှာ ဖြစ်ကြောင်း ဦးအုန်းကြိုင်က ပြောပါတယ်။
ဗထူး ဘောလုံးကွင်းကို အစောပိုင်း သွားရောက် ငှားရမ်းချိန်က ဖေဖေါ်ဝါရီ ၄ ရက်မှာ သုံးခွင့်ရနိုင်ကြောင်း၊ ကွင်း ငှားရမ်းခ ကျပ် ၇ သိန်း ပေးသွင်းရမှာဖြစ်ကြောင်း အာဏာပိုင်တွေက ပြောခဲ့ပြီးမှ အဆင်မပြေ ဖြစ်သွားရတယ်လို့ သိရပါတယ်။