လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှု ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ

မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ အချိန်ပြည့် လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုနေတာတွေကို ထောက်ခံကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပြီး တစ်နိုင်ငံလုံး နေ့ချင်းညချင်း လျှပ်စစ်မီး ရရှိဖို့ ဆိုတာ ကတော့ မဖြစ်နိုင်ဘူးလို့ ဒီကနေ့ ပြောဆိုပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ခုနှစ် မေလ ၂၅ ရက်နေ့က NLD အလုံမြို့နယ် ရုံးခန်းဖွင့်ပွဲသို့ တက်ရောက်လာစဉ်။ Photo courtesy of NLD

ရန်ကုန် အလုံမြို့နယ်မှာ ကျင်းပတဲ့ NLD ရုံးခန်းဖွင့်ပွဲ အခမ်းအနားမှာ အဲဒီလို ပြောကြားခဲ့တာပါ။

" ကျွန်မတို့ တတွေ ဒီဓာတ်မီးကိစ္စနဲ့ စကြစို့၊ ဘာဖြစ်လို့လဲဆိုတော့ ဓာတ်မီးကိစ္စဆိုတာ ကျွန်မတို့ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ကိစ္စဖြစ်တယ်။ ဒါပေမဲ့ ကျွန်မတို့ ဒီကိစ္စကိုတော့ လက်တွေ့ကျကျ ပြည်သူတွေကို ရှု့မြင်ချင်၊ မြင်ချင်တယ်။ တစ်နိုင်ငံလုံး ဓာတ်မီးရရှိရေးဆိုတာ နေ့ချင်းညချင်းနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဆယ်စုနှစ်နဲ့ ချီပြီးတော့ ကျွန်မတို့စနစ်က မမှန်ခဲ့လို့ အခုဓာတ်မီး မှန်မှန်မရတာ ဖြစ်တယ်။ ဆယ်စုနှစ်နဲ့ ချီပြီးတော့ မမှန်ခဲ့တဲ့ ကိစ္စတွေကို ပြန်ပြင်ဖို့ ဆိုတာဟာ နေ့ချင်း ညချင်းတော့ မဖြစ်နိုင်ဘူးဆိုတာ ကျွန်မတို့သိတယ်။ ဒါပေမဲ့လည်း ဖြစ်အောင်လုပ်၊ ကျွန်မတို့ လုပ်ရမှာပါ။ ပြည်သူတိုင်းရဲ့ တာဝန်ပါပဲ။ ဒါကြောင့် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်တာကို ကျွန်မတို့ အနေနဲ့ ထောက်ခံပါတယ်။ ဒါပေမဲ့ ဥပဒေနဲ့ ကိုက်ညီအောင်လည်းလုပ်ပါ"

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဥပဒေမဲ့လုပ်ရပ်တွေကို ကန့်ကွက်ကြောင်းနဲ့ ဥပဒေမဲ့ ဖမ်းဆီးခံနေရတာတွေကိုလည်း ကန့်ကွက်ကြောင်း ပြောပါတယ်။

တရားဥပဒေ စိုးမိုးရေးဟာ အဓိက ကျတာကြောင့် အခုလို တိုက်တွန်းပြောဆိုရတာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org