ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ထူးဆောင်ဘွဲ့ တခု ထပ်မံရရှိ
အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်၊ Johns Hopkins တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီ ရရှိရေး ငြိမ်းချမ်းစွာ တိုက်ပွဲဝင်မှုအတွက် ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်လိုက်ပါတယ်။
-
2012-05-21 -
-
-
အခုလို ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ရတာနဲ့ ပတ်သက်ပြီး Johns Hopkins တက္ကသိုလ်ရဲ့ထုတ်ပြန် ကြေညာချက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ဘဝတာရဲ့အချိန်ကာလအများစုကို စစ်အစိုးရ ဆန့်ကျင်ရေးအတွက် ပေးဆပ်ခဲ့ကြောင်းနဲ့ အရင်လအတွင်းက ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ သူဦးဆောင်တဲ့ ပါတီဝင်တွေ အနိုင်ရရှိတာကို အစိုးရက အသိအမှတ်ပြုခဲ့ရကြောင်း ဖော်ပြထားပါတယ်။
အဲဒီ ဆုပေးပွဲ အခမ်းအနားကို မေလ ၂၄ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ တက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
တချိန်ထဲမှာပဲ နော်ဝေနိုင်ငံကရရှိတဲ့ သတင်းအရ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်ဇွန်လ ၁၆ ရက်နေ့မှာ ၁၉၉၁ ခုနှစ်မှာ သူရရှိခဲ့တဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ကိုယ်တိုင်လက်ခံရယူပြီး မိန့်ခွန်းပြောကြားမှာ ဖြစ်ကြောင်း နိုဘယ်လ်ဆု ရွေးချယ်ရေးကော်မတီက တနင်္လာနေ့မှာ တရားဝင် ပြောကြားလိုက်ပါတယ်။
ဆုပေးပွဲကို အော်စလိုမြို့တော်ခန်းမမှာ ကျင်းပမှာဖြစ်ပြီး နေ့လည် ၁ နာရီမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမှာ ဖြစ်တယ်လို့ နိုဘယ်လ်ဆု ရွေးချယ်ရေးကော်မတီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။