ကျမ်းသစ္စာ စကားရပ် ပြင်ဆင်နိုင်လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်
လာမယ့် ဧပြီလ ၂၃ ရက်နေ့ အမျိုးသားလွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆိုတဲ့အခါ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့ စကားရပ်အစား လေးစားလိုက်နာပါမည်လို့ မပြင်ဆင်သေးသရွေ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်မတက်နိုင်သေးကြောင်း ပြည်တွင်း ပြည်ပ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။
-
2012-04-18 -
-
-
ဒီကိစ္စနဲ့ ပတ်သက်ပြီး အာအက်ဖ်အေရဲ့ ဒီမိုကရေစီခရီးကြမ်း ကဏ္ဍမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တာကတော့ -
"ဒီလိုပါ။ လွှတ်တော်မတက်ဘူးလို့ ကျွန်မတို့က ပြောတာမဟုတ်ပါဘူး။ ဒီကျမ်းသစ္စာဆိုပြီးမှ လွှတ်တော်တက်မယ်။ ဒီကျမ်းသစ္စာမှာ ဒီစကားပြောင်းဖို့ ဆိုတာလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ကိုက်ညီပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲက စာသားအတိုင်းပဲ ဖြစ်ပါတယ်။ အဲဒီတော့ အခက်အခဲ မရှိဘူးလို့တော့ မျှော်လင့်ပါတယ်။"
ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မင်္တီဝင် ဦးဉာဏ်ဝင်းဟာ ဒီကနေ့ နေပြည်တော်ကို သွားရောက်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် အစိုးရအဖွဲ့တွင်းနဲ့ လွှတ်တော်တွင်းမှာ အပြောင်းအလဲကို မလိုလားသူတွေ ရှိနေတယ်ဆိုတဲ့ အပြောအဆိုတွေ ပေါ်ပေါက်နေတာကြောင့် လွှတ်တော်တွင်း ဝင်ရောက်တဲ့အခါ ဘယ်လိုရင်ဆိုင်မလဲလို့ အာအက်ဖ်အေက မေးမြန်းရာမှာ -
"ပြုပြင်ပြောင်းလဲရေးကို ဘာဖြစ်လို့ မလိုလားလဲ ဆိုတဲ့ မေးခွန်းကို ကျွန်မတို့ ပထမ အဖြေရှာဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကြောင်းတော့ ရှိရမှာပေါ့။ ဒီအကြောင်းကို မသိဘဲနဲ့ ဒီဟာကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ပြောဖို့ ခက်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့က လွှတ်တော်ထဲ ရောက်သွားတယ်ဆိုလို့ရှိရင် အမျိုးမျိုးသော အမြင်တွေနဲ့ ထိတွေ့နိုင်ခွင့်ရှိမယ်လို့ မျှော်လင့်ထားတယ်။ ဒါမှလည်း ဘယ်လို အဖြေတွေကို မှန်မှန်ကန်ကန် ရှာလို့ရမလဲဆိုတာ ဆုံးဖြတ်လို့ ရမှာပါ။"
ဒါ့အပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ လူငယ်တွေရဲ့ အခန်းကဏ္ဍ ကြီးကြီးမားမား ရှိနေကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်တွင်း သတင်းမီဒီယာတွေရဲ့ ကျေးဇူးကလည်း အတော်ကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။