ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယ ဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ ရန်ကုန်မြို့ ဆီဒိုနား ဟိုတယ်မှာ ဒီကနေ့ ၄၅ မိနစ်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

၂၀၁၂ ခုနှစ် မေလ ၂၉ ရက်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း ရန်ကုန်မြို့ ဆီဒိုနား ဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ RFA

ဝန်ကြီးချုပ် မန်မိုဟန်ဆင်းက  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှု၊ မိသားစုဘဝနဲ့ မဆုတ်မနစ် ကြိုးပမ်းမှုတွေကို တစ်ကမ္ဘာလုံးက လေးစား ဂုဏ်ယူရကြောင်းနဲ့ သမ္မတကြီး ဦးသိန်းစိန်နဲ့ အတူ မြန်မာနိုင်ငံရဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေမှာ အဓိက အခန်းကဏ္ဍကနေ ဦးဆောင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ် ။

အိန္ဒိယ အမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ မစ္စက် ဆိုနီယာဂန္ဒီ ရေးသားပေးပို့တဲ့စာကို ဝန်ကြီးချုပ် မန်မိုဟန်ဆင်းက ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဆိုနီယာဂန္ဒီရဲ့ ဖိတ်ကြားချက်အတိုင်း မကြာခင်ကာလအတွင်းမှာ သွားရောက် လည်ပတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြန်လည် ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အိန္ဒိယနဲ့ မြန်မာဟာ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်နေတာတင်မက လွတ်လပ်ရေး ကြိုးပမ်းမှု၊ ယဉ်ကျေးမှု အမွေအနှစ်နဲ့ ဒီမိုကရေစီ မြတ်နိုးမှု စတဲ့ တူညီတဲ့ အချက်တွေအပေါ် အခြေခံတည်ဆောက်ထားတဲ့ ဆက်ဆံရေး ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org