မြန်မာ့ အပြောင်းအလဲ ဖူးငုံစ အဆင့်မှာ ရှိသေးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆို

တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေး အခြေအနေတွေဟာ ကနဦးအစ အနေအထားမှာသာ ရှိသေးကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

၂၀၁၂ ခုနှစ် မေလ ၂၄ ရက်နေ့ မနက်က ကျင်းပသည့် Johns Hopkins တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဗီဒီယိုမိန့်ခွန်းကို ပရိသတ်များ နားထောင်နေကြစဉ်။ RFA

အမေရိကန်ပြည်ထောင်စု Johns Hopkins တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်တဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ဗီဒီယို ကတဆင့် ထောင်နဲ့ချီတဲ့ ပရိတ်သတ်ကို ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

"ဒီဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ချီးမြင့်လိုက်တာဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ထွန်းကားဖို့ မိမိရဲ့ ကြိုးပမ်း လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ ပေးအပ်တဲ့ဘွဲ့လို့လည်း ခံယူပါတယ်။ လက်ရှိ မြန်မာနိုင်ငံက လူ့အခွင့်အရေး ကြိုးပမ်းမှု အခြေအနေတွေဟာ သီးတဲ့ ပွင့်တဲ့အဆင့်လို့ မပြောနိုင်သေးပေမဲ့၊ ဖူးစ ငုံစ အဆင့်လို့ ပြောနိုင်ပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။

ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ အဲဒီအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စီးပွားရေးနိုဘဲလ်ဆုရှင် Amartyr Sen နဲ့ စုစုပေါင်း ပုဂ္ဂိုလ် (၅) ဦးကို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့တွေ ချီးမြှင့်ခဲ့တာပါ။

Johns Hopkins တက္ကသိုလ် Bloomberg ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုကျောင်း၊ နိုင်ငံတကာ အေအိုင်ဒီအက်စ် ရောဂါဆိုင်ရာ သုတေသနဌာန အကြီးအကဲ ပါမောက္ခ ဒေါက်တာ Chris Beyrer က ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား ပါရဂူဘွဲ့ကို လက်ခံခဲ့ ပါတယ်။

ဒေါက်တာ Chris Beyrer ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ HIV/AIDS ပညာပေးရေး အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ် ကျင်းပပေးခဲ့ပါတယ်။ ဒီလို လုပ်ငန်းတွေကြောင့် လူငယ်အတော်များများ HIV/ AIDS ပညာပေးရေးနဲ့ စောင့်ရှောက်ရေးမှာ အားတက်သရော ပါဝင်လာကြတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဘွဲ့ရအလုပ်လက်မဲ့တွေ များပြားနေကြောင်း၊ မြန်မာ့ တက္ကသိုလ်ပညာရေးဟာ လူငယ်တွေ အလုပ်ရအောင် အာမခံချက်ပေးနိုင်တဲ့ ပညာရေးစနစ်အဆင့် မဟုတ်သေးကြောင်းလည်း ပြောဆိုပါတယ်။

လူငယ်နဲ့ ပညာရေးဟာ မြန်မာနိုင်ငံရဲ့ အနာဂတ် ဖြစ်တာကြောင့် Johns Hopkins လို နာမည်ကြီး ကျောင်းတွေမှာ မြန်မာလူငယ်တွေ အတော်များများ ပညာသင်ကြားနိုင်တဲ့ အနာဂတ်ကို မျှော်လင့်မိပါတယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org