ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ စောင့်စားနေကြောင်း ဂျွန် မက်ကိန်း ပြော
အခုအခါ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံကူးလက်မှတ် ရရှိထားပြီမို့ အမေရိကန် လွှတ်တော်ကနေ ကြိုဆိုရမယ့်နေ့ကို မိမိစောင့်စားနေပါကြောင်း အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန် မက်ကိန်းက မနေ့က ပြောလိုက်ပါတယ်။
-
2012-05-08 -
-
-
အမေရိကန် ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ် အထက်လွှတ်တော် အမတ် ဂျွန် မက်ကိန်း။ (Photo: AFP)
(Photo: AFP)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံကူးလက်မှတ်အတွက် ပြီးခဲ့လက ပြည်ထဲရေးဝန်ကြီးဌာန အရာရှိတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ လိုအပ်ချက်တွေကို ဆောင်ရွက်ပေးခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်လွှတ်တော်က ၂၀၀၈ ခုနှစ်မှာ ကွန်ဂရက် ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးထွက်မယ် ဆိုတဲ့အခါ ဒီဆုကို ကိုယ်တိုင် လာရောက်လက်ခံဖို့ အမေရိကန်လွှတ်တော်က ဖိတ်ကြားခဲ့ပါတယ်။
ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုကို ဒေါ်အောင်ဆန်းစုကြည် ဘယ်နေ့ ဘယ်ရက် ရောက်ရှိမယ် ဆိုတာကိုတော့ မစ္စတာ ဂျွန် မက်ကိန်းက မပြောဆိုခဲ့ပါဘူး။
အာအက်ဖ်အေက ရရှိတဲ့ သတင်းအရ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇွန်လလယ်ကနေ လကုန်ပိုင်းအထိ ဥရောပကို သွားရောက်မှာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုကို သြဂုတ်လထဲမှာ လာရောက်ဖွယ် ရှိတယ်လို့ သိရပါတယ်။