ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအဖြစ် သူတာဝန်ရှိတဲ့ ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်က ဒေသခံပြည်သူတွေရဲ့ အခက်အခဲကို ဒီကနေ့ လက်တွေ့ ကွင်းဆင်း လေ့လာခဲ့ပါတယ်။
-
2012-05-12 -
-
-
ဒါ့အပြင် ဒေသခံ အုပ်ချုပ်ရေးမှူးတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိတစ်ဦးဖြစ်တဲ့ ဦးခွန်သာမြင့်က RFA ကို ပြောပါတယ်။
"ကျောင်းထိုင် ဘုန်းတော်ကြီးကျောင်းကို သွားရောက် ကန်တော့အပြီး ကော့မှူးကျေးရွာပေါင်းစုံမှာရှိတဲ့ ဘွဲ့ရ အလုပ်လက်မဲ့ လူငယ် ၁၅၀ ခန့်ကို ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံခဲ့ပါတယ်။ သူတိုရဲ့ လိုအပ်ချက်တွေ သူတို့ ဖြစ်စေချင်တာတွေကို မေးမြန်းခဲ့ပါတယ်။ ခရစ်ယာန်၊ မူဆလင်၊ ဗုဒ္ဓဘာသာ အသင်းအဖွဲ့တွေနဲ့ တွေ့ဆုံပြီး ဘာသာရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ကော့မှူးမြို့နယ်ထဲမှာ ရေရှားပါးလို့ ရေရရှိရေး ပြုလုပ်ပေးနေကြသော ပညာရှင်များ၊ အလှူရှင်များနဲ့ ဆွေးနွေးပါတယ်။ အဲဒီနောက် မြို့နယ်ဆေးရုံက မြို့နယ်ဆရာဝန်ကြီးနဲ့ တွေ့ပြီး ကျန်းမာရေးအတွက် ဘာတွေ ဖြည့်ဆည်းပေးဖို့ လိုသလဲလို့ မေးပါတယ်။ အခု လောလောဆယ်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ စကားပြောနေပါတယ်။"
အခုလို ကော့မှူးဒေသခံတွေနဲ့ တွေ့ဆုံပြောဆိုခဲ့ရာမှာ အထူးသဖြင့် လက်ရှိအခက်အခဲ (၂) မျိုး တွေ့ရတယ်လို့ ဦးခွန်သာမြင့်က ပြောပါတယ်။
အဲဒါတွေကတော့ အလုပ်လက်မဲ့ ပြဿနာနဲ့ လယ်သမားတွေရဲ့ အခက်အခဲဖြစ်ပြီး ကျန်အခက်အခဲတွေကတော့ ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီနေ့ ခရီးစဉ်မှာ မိဘမဲ့ ကျောင်းတစ်ကျောင်းနဲ့ မူကြိုကျောင်း တစ်ကျောင်းကိုလည်း ဝင်ရောက်ကြည့်ရှုပြီး နှုတ်ဆက်စကား ပြောခဲ့ပါတယ်။