NLD နိုင်မှာကို တရုတ်လုပ်ငန်းရှင်များ မစိုးရိမ်စေလို

မြန်မာနိုင်ငံမှာ လာရောက် လုပ်ကိုင်နေကြတဲ့ တရုတ် စီးပွားရေး လုပ်ငန်းရှင်တွေအတွက် နှစ်ဦးနှစ်ဘက် နစ်နာဆုံးရှုံးမှု မရှိစေတဲ့ မူဝါဒကို NLD အနေနဲ့ ချမှတ်ဆောင်ရွက်မှာ ဖြစ်ကြောင်း ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကို မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝ၁၂ မတ်လ ၁၇ ရက်နေ့က လားရှိုးမြို့ ရန်တိုင်းအောင်ဘုရားကွင်းတွင် လူထုက ကြိုဆိုနှုတ်ဆက်စဉ်။ National League for Democracy

ပြည်သူတွေရဲ့အကျိုးကို ဦးစားပေး လုပ်ဆောင်တဲ့နေရာမှာ NLD အနေနဲ့ တခြား နိုင်ငံသားတွေရဲ့ အကျိုးစီးပွား ထိခိုက် နစ်နာစေတာမျိုးကို ရှောင်ရှားမှာဖြစ်ကြောင်း မနေ့က လူထုဟောပြောပွဲမှာ ထည့်သွင်း ပြောဆိုခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်။
အသံဖိုင်ယူရန်

NLD အနိုင်ရရင် တရုတ်လုပ်ငန်းရှင်တွေ၊ ကုန်သည်တွေရဲ့ အကျိုးစီးပွား ထိခိုက်သွားလိမ့်မယ် ဆိုတဲ့ ခြိမ်းခြောက်စကားတွေဟာ မဟုတ်မှန်ကြောင်း တဆင့်စကား တဆင့်နား၊ လက်ဆင့်ကမ်း ပြောကြားပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် တိုင်းရင်းသားဒေသတွေမှာ မှတ်ပုံတင် ရရှိရေးကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ တိုက်တွန်းသွားသလို NLD အနေနဲ့လည်း တတ်နိုင်တဲ့ဘက်က ကူညီသွားမယ်လို့ လာရှိုးဟောပြောပွဲမှာ ဒေါ်အောင်းဆန်းစုကြည်က အလေးပေး ပြောဆိုခဲ့ပါတယ်။

လာရှိုးမြို့က ဟောပြောပွဲကို ဒေသခံ တိုင်းရင်းသားပြည်သူတွေ ကွင်းပြည့်ကွင်းလျှံ တက်ရောက် နားထောင်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က မိနစ် ၃ဝ ကျော်ကြာ မိန့်ခွန်း ပြောဆိုခဲ့တဲ့အပြင် လူထုနဲ့လည်း အပြန်အလှန် ပြောဆိုခဲ့ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ လားရှိုးမြို့နယ်ကနေ NLD ကိုယ်စားလှယ်လောင်းအဖြစ် ဦးစိုင်းမြင့်မောင်က ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org