ဒေါ်အောင်ဆန်းစုကြည်ကို သံရုံးအကြီးအကဲများ တွေ့ဆုံ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်သံရုံး တာဝန်ခံနဲ့ ဗြိတိန်၊ ပြင်သစ်၊ သြစတေးလျ သံအမတ်တွေက ဒီကနေ့ အသီးသီးသွားရောက် တွေ့ဆုံခဲ့ကြပါတယ်။
-
2012-04-04 -
-
-
ဒီကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးထင်ကျော်က အခုလိုပြောပါတယ်။
တွေ့ဆုံပွဲတွေမှာ ဆွေးနွေးတာကို အသေးစိတ် မသိရပေမယ့် မကြာခင်မှာ သြင်္ကန်ရုံးပိတ်ရက်တွေ ရောက်လာတော့မှာဖြစ်လို့ တွေ့ဆုံတာဖြစ်သလို၊ လတ်တလောပြီးဆုံးသွားတဲ့ ကြားဖြတ် ရွေးကောက်ပွဲ ဆိုင်ရာကိစ္စတွေ ထည့်သွင်းပြောဆိုတယ်လို့ သိရပါတယ်။
ဒီအတောအတွင်းမှာပဲ အရှေ့တောင်အာရှနိုင်ငံ ခေါင်းဆောင်တွေ ပူးပေါင်းပြီး မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ တောင်းဆိုတဲ့ ကြေညာချက်ကို ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
EU ဥရောပ သမဂ္ဂကတော့ အရေးယူပိတ်ဆို့မှုကို အစောဆုံး ဘယ်တော့လောက် ရုပ်သိမ်းသင့်သလဲဆိုတဲ့ ဆွေးနွေးပွဲကို မနေ့က စတင်ပြုလုပ်နေပါတယ်။
ဒီကိစ္စမှာ ဗြိတိန်နဲ့ ဥရောပအနောက်မြောက် နိုင်ငံတွေက မြန်မာအစိုးရကို လက်နက်တင်ပို့ ရောင်းချမှုကို ဆက်လက် တားမြစ်ထားချင်နေသလို၊ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်နေသူ တစ်ဦးချင်းစီကို စီးပွားရေးပိတ်ဆို့ အရေးယူမှုကို ဆက်လက်ထားရှိဖို့ ဆန္ဒရှိနေတယ်လို့ သံတမန် သတင်းရပ်ကွက်အရ သိရပါတယ်။