ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဘယ်ဆုရရှိခြင်း နှစ် ၂ဝ ပြည့်

ဒေါ်အောင်ဆန်းစုကြည် ကြိုးပမ်းဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကို တက်လှမ်းနိုင်ရေးအတွက် ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြဖို့ ဒီကနေ့ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဘယ်ဆုရရှိခြင်း နှစ် ၂ဝ ပြည့် အခမ်းအနားမှာ NLD ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က ပြည်သူကို ပန်ကြားလိုက်ပါတယ်။

၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့က ရန်ကုန် ရွှေညဝါ သာဓု ပရိယတ္တိ စာသင်တိုက်တွင် ပြုလုပ်သည့် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဘယ်ဆုရရှိခြင်း နှစ် ၂ဝ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်။ AFP

ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့တဲ့ ဒီကနေ့ အခမ်းအနားကို ရန်ကုန် ကြည့်မြင်တိုင်မြို့နယ် ရွှေညဝါ သာဓု ပရိယတ္တိ စာသင်တိုက်မှာ ကျင်းပခဲ့တာပါ။

ဒီအခမ်းအနားမှာ ဦးဝင်းတင်က… ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက်ချက်တွေကို ပြည်သူက အသိအမှတ်ပြုခဲ့ပြီး ဖြစ်သလို ကမ္ဘာကလည်း အသိအမှတ် ပြုတာကြောင့် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ချီးမြှင့်ခံရတာလို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်တွေကို ဝိုင်းဝန်းကြဖို့ ဦးဝင်းတင်က အခုလို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးပန်းတိုင်ကို ချီတက်နေတဲ့ လှေကြီးကို ပဲ့ကိုင်ပြီး လှော်ခတ်နေတဲ့အချိန်မှာ ပြည်သူပေါင်းများစွာ လူငယ်ကျောင်းသားများစွာ ပါဝင် လှော်ခတ်နေကြ သလိုပဲ တချို့သော ပုဂ္ဂိုလ်များဟာ မိမိတို့ဆန္ဒအလျောက် ကြိုးပမ်းနေကြတဲ့ ပုဂ္ဂိုလ်များလည်း ရှိပါတယ်။ ဘာနဲ့တူလဲ ဆိုတော့ လှေကြီးပေါ်ကနေပြီးတော့ ဘေးမှာဆင်းပြီး ရေကူးလိုက်နေတဲ့ ပုဂ္ဂိုလ်များလည်း ရှိပါတယ်။ အဲဒီတော့ ကျနော်တို့ မေတ္တာရပ်ခံ တိုက်တွန်းချင်တာက စောစောက ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့အတိုင်းပဲ ဒီ ငြိမ်းချမ်းရေးခရီးအတွက် လှေကြီးကို လှော်ခတ်မြဲ ဖြစ်ပါတယ်၊ လှေပေါ်မှာလည်း ပြည်သူူတွေ၊ ကျောင်းသားလူငယ်တွေ၊ ရဟန်းသံဃာတွေ အားလုံး ပါဝင်ပြီး လှော်ခတ်နေကြပါတယ်၊ အဲဒီအချိန်မှာ ဘေးကနေပြီး မိမိတို့ရဲ့ ဆန္ဒ၊ ဆုံးဖြတ်ချက်၊ သဘောထားအတိုင်း ရေကူးပြီး သွားနေတဲ့ ပုဂ္ဂိုလ်များကိုလည်း လှေပေါ်တက်ပြီးတော့ တစုတဝေးထဲ ငြိမ်းချမ်းရေးပန်းတိုင် ရောက်အောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်ကနေ လှော်ခတ်သွားကြပါလို့ ကျနော်တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်”

ဒီအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိချိန် ၁၉၉၁ ခုနှစ်က ဆုလက်ခံ ယူနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်က လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တဲ့ အတွက် ဖမ်းဆီး အကျဉ်းချခံခဲ့ရတဲ့ 10/D ကျောင်းသားအဖွဲ့က ကြီးမှူးကျင်းပခဲ့တာပါ။

အခမ်းအနား မကျင်းပခင် ဒေါ်အောင်ဆန်းစုကြည်က ရွှေညဝါ ဆရာတော်ရဲ့ ရန်ကုန် ဗုဒ္ဓတက္ကသိုလ် ပိဋကတ်စာကြည့်တိုက်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးတယ်လို့ အခမ်းအနား ကျင်းပရေး တာဝန်ခံတဦးဖြစ်တဲ့ ကိုကိုကြီး (စမ်းချောင်း) က ပြောပါတယ်။

အခမ်းအနားကို နိုင်ငံခြားသံတမန်တွေ၊ ကျောင်းသားတွေ၊ နိုင်ငံရေး ပါတီတွေနဲ့ စိတ်ဝင်စားသူ ပြည်သူတွေ စုစုပေါင်း ၁ ထောင်ကျော် တက်ရောက်ခဲ့ပါတယ်။

ဒီကနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ မိန့်ခွန်းကောက်နှုတ်ချက်ကို ဒေါ်စမ်းစမ်းတင်က စုစည်းတင်ပြထားပါတယ်။

ကောက်နှုတ်တင်ပြချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org