အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ဒေါ်အောင်ဆန်းစုကြည် ပြောကြား
ကမ္ဘာပေါ်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့အတွက် အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ လိုအပ်တယ်လို့ မနေ့က စတင်တဲ့ အမျိုးသမီးအခွင့်အရေး ကာကွယ်ရေး နိုင်ငံတကာ လှုပ်ရှားမှုအတွက် ပေးပို့တဲ့ ဗီဒီယိုမိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။
-
2012-05-06 -
-
-
အကြောက်တရားတွေကို ဖြစ်ပေါ်စေတဲ့ အမျိုးသမီးတွေအပေါ် မတရားပြုကျင့်မှုနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်အောင် ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံတကာမှာ ရှိနေတဲ့ အမျိုးသမီးထု တရပ်လုံးဆီ ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုတွေကို ကျွန်မတို့အားလုံး ဆောင်ကြဉ်းပေးကြပါစို့လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
အမျိုးသမီးတွေအပေါ် မတရားပြုကျင့်မှုနဲ့ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းရေးအတွက် အမျိုးသမီး နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်တွေ ပါဝင်ဦးဆောင်တဲ့ နိုင်ငံတကာလှုပ်ရှားမှုကို မနေ့က စတင်လိုက်ပါတယ်။
ဒီ Campaign လှုပ်ရှားမှုတွေကို မေလ (၆) ရက်နေ့ ကနေ (၁၃) ရက်နေ့ အထိ မြန်မာအပါအဝင် ကွန်ဂို၊ ကင်ညာနဲ့ ကမ္ဘောဒီယား လေးနိုင်ငံမှာ အဓိကထား ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ လှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်နေသူ တစ်ဦးဖြစ်တဲ့ မရီမွန်ထွန်းက ပြောပါတယ်။
အခုလို နိုင်ငံတကာ အဖွဲ့အစည်း ၅၀၀ နီးပါး ပါဝင်တဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု အောင်မြင်ရေးအတွက် အရေးပါတဲ့ ဆက်သွယ်ညှိနှိုင်းရေးမှူးအဖြစ် မရီမွန်ထွန်းကို တာဝန်ပေးအပ်တာဟာ မြန်မာအမျိုးသမီး တစ်ဦးအနေနဲ့ ပထမဦးဆုံး ဖြစ်ပါတယ်။
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး နိုင်ငံတကာ လှုပ်ရှားမှုကြီး ဖြစ်ပေါ်လာဖို့အတွက် ကနေဒါနိုင်ငံ အခြေစိုက် အမျိုးသမီး နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်များအဖွဲ့ ဦးဆောင်ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။