ဒေါ်အောင်ဆန်းစုကြည် ဇူလိုင်လ ၉ ရက် လွှတ်တော်တက်မယ်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇူလိုင်လ ၉ ရက်နေ့မှာ လွှတ်တော်အစည်းအဝေးကို တက်ရောက်မှာ ဖြစ်ကြောင်း NLD ပါတီက ဒီကနေ့ ထုတ်ဖော်ပြောကြားပါတယ်။

၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၀ ရက်က ဥရောပခရီးစဉ်မှ ပြန်လည် ရောက်ရှိလာသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုအား တွေ့ဆုံနှုတ်ဆက်နေစဉ်။ photo: NLD face book

ဇူလိုင် (၄) ရက်နေ့မှာ စတင်ကျင်းပမဲ့ လွှတ်တော် စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေးမှာ ခွင့် (၃) ရက်ယူထားပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။

"ကောင်းပါတယ်။ ကျွန်တော် ဒီမနက် တွေ့လာပါတယ်။ စကားလည်း ပြောလာပါတယ်။ နည်းနည်းတော့ ပိန်တာပေါ့လေ။ အရင်ထဲကလည်း ပိန်တာပါပဲ။ လွှတ်တော်ကို ၉ ရက်နေ့ တက်မယ်လေ။ ၄ ရက်၊ ၅ ရက်၊ ၆ ရက်ကိုတော့ ခွင့်တင်ထားပါတယ်"

ဒီအတောအတွင်း ပြီးခဲ့တဲ့လက သွားရောက်ခဲ့တဲ့ ဥရောပခရီးစဉ်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပဖို့ ရှိကြောင်းလည်း သိရပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်လိုက်တဲ့ Burma နဲ့ မြန်မာ အသုံးအနှုန်းကိစ္စ အပြင် လွှတ်တော်ဆိုင်ရာ တာဝန်တွေ၊ NLD ရဲ့ တာဝန်ပေးအပ်မှုတွေကို အဲဒီ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org