ဒီမိုကရေစီ ပြည်ထောင်စုကြီး ထူထောင်နိုင်ရေး ပြည်သူသာအဓိကလို့ ဒေါ်အောင်ဆန်းစုကြည်ပြော
မြန်မာနိုင်ငံ အေးချမ်းသာယာရေးနဲ့ ပြည်သူအများ လိုလားနေတဲ့ ဒီမိုကရေစီပြည်ထောင်စုကြီး ထူထောင်နိုင်ရေးအတွက် အဓိက ဆောင်ရွက်ပေးနိုင်မယ့် အင်အားစုတွေဟာ ပြည်သူတွေသာ ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
-
2012-03-27 -
-
-
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ဒီကနေ့ကျင်းပတဲ့ ၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ ပြောကြားလိုက်တာပါ။
NLD ပါတီအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် ရုန်းကန်လှုပ်ရှားချိန်ကစပြီး မသမာမှုအမျိုးမျိုး၊ အထူးသဖြင့် ပြည်သူကို ခြိမ်းခြောက်မှုအမျိုးမျိုး ကြုံတွေခဲ့ရကြောင်း၊ ဒီအခက်အခဲတွေကို ပြည်သူတွေနဲ့အတူ ဒီမိုကရေစီ အမှန်တကယ်လိုလားတဲ့ အဖွဲ့အစည်းအားလုံး ပူးပေါင်းပြီး ရင်ဆိုင်ကျော်လွှားရမှာ ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။
လွန်ခဲ့တဲ့ ၆၇ နှစ်ကာလ တပ်မတော်နဲ့ ပြည်သူလက်တွဲပြီး ဖက်ဆစ်တွေကို တော်လှန်ခဲ့တဲ့နည်းတူ လက်ရှိမြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက်လည်း တိုင်းရင်းသား ပြည်သူတွေနဲ့အတူ တပ်မတော်သားအားလုံး ဆက်လက်ကြိုးပမ်းကြဖို့ NLD သဘာပတိ သူရဦးတင်ဦးကလည်း ဒီအခမ်းအနားမှာ တိုက်တွန်း ပြောကြားသွားပါတယ်။
အလားတူ ဝါရင့် နိုင်ငံရေးသမားကြီး သခင်သိန်းဖေ နေအိမ်မှာလည်း ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် မိတ်ဆုံစားပွဲ ကျင်းပပါတယ်။ ဒီမိတ်ဆုံစားပွဲကို သခင်သိန်းဖေ၊ သခင်ချန်ထွန်း၊ ဦးနိုင်ငွေသိမ်း၊ ဦးသာဘန်း၊ ဦးအေးသာအောင်၊ ဦးအုန်းမောင်၊ ရှေ့နေ ဦးသန်းတင်၊ ဦးသန်းစိန်၊ ဦးသန်းထွန်း စတဲ့ ဝါရင့် နိုင်ငံရေးသမားကြီးတွေ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။