ဒေါ်စု ဟောမယ့် တနင်္ဂနွေ စစ်ကိုင်းဝန်ထမ်းတွေ ရုံးတက်ရမည်

စစ်ကိုင်းမြို့ကို ဒေါ်အောင်ဆန်းစုကြည် လာရောက်ဟောပြောမယ့် ဒီနေ့မနက်မှာ ရုံးပိတ်ရက် ဖြစ်ပေမယ့် စစ်ကိုင်းမြို့က ဝန်ထမ်းတွေ ရုံးမှာ အသင့်ရှိနေကြဖို့ အာဏာပိုင်တွေက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

မနေ့ မနက်ပိုင်းလောက် ကတည်းက တနင်္ဂနွေနေ့မှာ ဝန်ထမ်းတွေကို ဘယ်မှမသွားဘဲ ရုံးမှာ အဆင်သင့် နေပေးဖို့ ညွှန်ကြားထားတဲ့အကြောင်း မီးရထားဝန်ထမ်း တစ်ယောက်က ပြောပါတယ်။

တနင်္ဂနွေ ရုံးပိတ်ရက် ဖြစ်ပေမယ့် စစ်ကိုင်းက ပညာရေးဝန်ထမ်းတွေကို မန္တလေးမှာ သင်တန်းရှိကြောင်း ပြောထားပြီး၊ ကျောင်းဆရာ ဆရာမတွေ အားလုံး ကျောင်းမှာ အဆင်သင့် ရှိနေဖို့လည်း ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဟောပြောဖို့အတွက် ဘောလုံးကွင်းနေရာတွေ မရတာကြောင့် မြစ်ကမ်းဘေး သဲသောင်ပြင်ပေါ်မှာပဲ ပြင်ဆင်ထားတယ်လို့ စစ်ကိုင်းတိုင်း အင်န်အယ်လ်ဒီ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွင်းရေးမှူး ဦးကျော်သောင်းက ပြောပါတယ်။

"ဧရာဝတီ မြစ်ကမ်းဘေး သောင်ပြင်မှာ ကျင်းပမှာပါ။ ဘောလုံးကွင်းထက် လူအများကြီး ပိုဆန့်တယ်" သဘာဝ အလှအပတွေနဲ့ စစ်ကိုင်းတံတားကြီး နောက်ခံနဲ့ ဆိုတော့ အတော်ကို ကောင်းတဲ့နေရာပါဗျာ"

ဒေါ်အောင်ဆန်းစုကြည် ကြိုဆိုရေးအတွက် စစ်ကိုင်းမြို့အပြင် တိုင်းအတွင်း မြို့နယ်တွေအားလုံးက အင်န်အယ်လ်ဒီ အဖွဲ့ဝင်တွေလည်း ရောက်ရှိနေကြပြီလို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org